Border News Agency
အီရန်၊ မတ် ၂၈။
အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲတွေပြီးသွားရင် ပိတ်ဆို့နေတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်နိုင်ဖို့အတွက် ပြင်သစ်အစိုးရကနိုင်ငံပေါင်း ၃၅ နိုင်ငံနဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
ပြင်သစ်စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေဟာ မတ်လ ၂၅ ရက်နေ့မှာ ကမ္ဘာ့နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ဗီဒီယိုကွန်ဖရင့်ကတဆင့် ဆွေးနွေးခဲ့တာဖြစ်ပြီး စစ်ပွဲအပြီးမှာအီရန်ဘက်က ရေကြောင်းလမ်းကိုဆက်လက်ခြိမ်းခြောက်လာမှာကို စိုးရိမ်နေကြတာပါ။
အခုလက်ရှိမှာတော့ အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့် ဒီရေလက်ကြားကတဆင့် ကုန်သွယ်မှုတွေဟာ ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။
ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီအစီအစဉ်ဟာအခုဖြစ်နေတဲ့ စစ်ဆင်ရေးတွေနဲ့ မသက်ဆိုင်ဘဲ ခုခံကာကွယ်ရေး သီးသန့်အတွက်သာဖြစ်ပြီးစစ်ပွဲတွေရပ်သွားတာနဲ့ ကုန်တင်သင်္ဘောတွေ ပုံမှန်အတိုင်း ပြန်သွားလာနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံကလည်း ဒီရေလက်ကြားပြန်ဖွင့်ဖို့အတွက် မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ပထမအဆင့်အနေနဲ့ ရေအောက်မိုင်းတွေကို ရှင်းလင်းမှာဖြစ်သလို ဒုတိယအဆင့်မှာတော့ ကုန်တင်သင်္ဘောတွေကို လုံခြုံရေးလိုက်ပါစောင့်ရှောက်ပေးဖို့ စီစဉ်ထားပါတယ်။
လက်ရှိမှာ ပြင်သစ်ဟာလေယာဉ်တင်သင်္ဘော အပါအဝင် စစ်သင်္ဘော ၈ စင်းကို အရှေ့အလယ်ပိုင်းဒေသဆီ စေလွှတ်ထားပြီး ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေအတွက် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။






