Border News Agency
မလေးရှား ၊အောက်တိုဘာ ၁၅။
မလေးရှားနဲ့လာအိုနိုင်ငံတို့မှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းတွေ ဖွင့်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းရှိန်က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အောက်တိုဘာလ ၁၄ ရက်နေ့ကCI စခန်း ငါး ခုကိုပြန်ဖွင့်ခဲ့ပြီး မလေးရှားနဲ့လာအိုနိုင်ငံတို့မှာလည်း စခန်းတွေ ဖွင့်နိုင်ရေးတနိုင်ငံချင်းစီနဲ့ ညှိနှိုင်းနေတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် အစည်းအဝေးမေးခွန်းနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေကြားခဲ့တာပါ။
အဲဒီအပြင် မြန်မာနိုင်ငံအနေနဲ့ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ လာအိုတို့နဲ့အလုပ်သမားစေလွှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားသလို မလေးရှား၊ ယူအေအီး၊ ကာတာနဲ့ ရုရှားနိုင်ငံတို့နဲ့လည်း ရေးထိုးနိုင်ရေးဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေဆီက ပို့ကုန်ဝင်ငွေနဲ့ အခွန်ငွေတွေ တင်းကြပ်စွာကောက်ခံနိုင်ရေးနဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးနေကြတဲ့ လူငယ်တွေကို ထိန်းချုပ်နိုင်ရေးအတွက် CI သက်တမ်းတိုးတာနဲ့ စာရွက်စာတမ်းကိစ္စတွေကို တင်းကြပ်စွာ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် CI စခန်းတွေထပ်ဖွင့်မယ့် အစီအစဉ်ဟာ ပြည်ပရောက်မြန်မာလုပ်သားတွေအတွက် အကူအညီထက် အာဏာသိမ်းစစ်တပ်ရဲ့ ငွေကြေးနဲ့ အချက်အလက် စာရင်းဇယားရယူလိုမှုအပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။










