Border News Agency
ဒါကာ၊ အောက်တိုဘာ ၂၇။
ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာလ ၃၀ ရက်နေ့တွင်” ရိုဟင်ဂျာမွတ်စလင်များနှင့်မြန်မာနိုင်ငံရှိ အခြားလူနည်းစုများအခြေအနေဆိုင်ရာအဆင့်မြင့်ညီလာခံ” (High-Level Conference on the Situation of the Rohingya Muslims and Other Minorities in Myanmar)ကျင်းပခဲ့သည်။
ထိုညီလာခံဖွင့်ပွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခေါင်းဆောင်မိုဟာမတ်ယူနွတ်စ်က ရိုဟင်ဂျာနေရပ်ပြန်အပါအဝင် အချက် ၇ ချက်ကမ္ဘာကို ချပြခဲ့သည်။
ကုလသမဂ္ဂအစည်းအဝေးပြီးနောက် ရက်သတ္တတပတ်များစွာ သံတမန်အသိုင်းအဝန်းထဲတွင်လည်း အဆိုပါအချက် ၇ ချက်မှာပြောဆိုဆွေးနွေးစရာအဖြစ် ဆက်ရှိနေခဲ့သည်။
ယူနွတ်စ်အဆိုပြုချက်မြေပြင်သက် ရောက်မှု
မိုဟာမတ်ယူနွတ်စ်၏အချက် ၇ ချက်အား အနှစ်ချုပ်လိုက်ပါက ရိုဟင်ဂျာများနေရပ်ပြန်ရေး၊ ခွဲခြားဖိနှိပ်မှုမခံရရေးနှင့် အကြမ်းဖက်မှုကျူးလွန်ခဲ့သူ များအားတာဝန်ယူမှုရှိစေရေးဆိုသည့် အချက်များသာဖြစ်သည်။
ထိုအချက်များတွင် မည်သည့်အချက်က သံတမန်နယ်ပယ်ထဲ၌ ပို၍ရှေ့သို့ရောက်နေမည်မသိနိုင်ပေ။
ထိုအချက်များသည်တခုနှင့်တခုအလဲ အလှယ်လုပ်စရာဖြစ်လာမည့်အခြေအနေမျိုးဖြစ်လာပါက နစ်နာသူများအတွက်စိုးရွံ့စရာဖြစ်သည်။
လက်ရှိအချိန်ထိတော့ အဆိုပါဖြစ်စဉ်များသည် မြေပြင်ပေါ်တွင် အကောင်အထည်ပေါ်မလာသေးပေ။
မြေပြင်တွင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲ၌ရှိနေသော လူမှုအဖွဲ့အစည်းတရပ်သည် မလုံခြုံမှုများဖြင့်ရှိနေသည်။
၎င်းတို့၏အနာဂတ်သည်လက်ရှိအချိန်ထိ ရေရာသေချာမှုမရှိသေးပေ။
၂၀၂၁ခုနှစ်မတိုင်မီအချိန်ကာလက ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများရှိ လူမှုဘဝအပေါ် အခြိမ်းခြောက်ဆုံးလုံခြုံရေးအခြေအနေမှာ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးကိစ္စဖြစ်သည်။
၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ရိုဟင်ဂျာလက်နက်ကိုင်အန္တရာယ် ထပ်တိုးလာသည်။
ဤအခြေအနေက မြန်မာနိုင်ငံရေးအခြေအနေနှင့် ရခိုင်ပြည်၏အခြေအနေသည် ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်ထဲထိ ဖြတ်ကျော်သက်ရောက်နေသည့်သဘောဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းရခိုင်တွင် တပ်မတော်၏စခန်းများတခုပြီးတခု လက်လွတ်ရပြီးနောက်တွင် ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများ ပေါ်ထွက်လာခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးမစတင်ခင် အာဏာသိမ်းပြီးစကာလများက ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများသည် အရေအတွက်အင်အားလည်းမများပေ။
ထိုအချိန်က စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည်ဆိုသော အသံတစိုးတစကို ထုတ်ပြန်ခဲ့ကြသေးသည်။
လူ့အဖွဲ့အစည်းနှစ်ခုကြားက အက်ကွဲစများ
လူမှုအဆောက်အအုံအရ လူ့အဖွဲ့အစည်းနှစ်ခု အာရက္ခဒေသအတွင်းယှဉ်တွဲတည်ရှိနေမှုက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့သော အချိန်ကာလများရှိသကဲ့သို့ အပြန်အလှန်ပဋိပက္ခဖြစ်ခဲ့သော
အချိန်ကာလများလည်းရှိနေခဲ့သည်။
လူ့အဖွဲ့အစည်းနှစ်ခုယှဉ်တွဲတည်ရှိနေမှုအတွင်း တန်းတူညီမျှမှုနှင့်ယုံကြည်မှုမှာ ထိခိုက်စရာသမိုင်းအချိုးအကွေ့များရှိခဲ့သည်။
လူမှုစီးပွားယဉ်ကျေးမှုကြား ဘက်ပြိုင်မှု၊ နှိမ့်ချဆက်ဆံမှု၊ ခွဲခြားဆက်ဆံမှု၊ မယုံကြည်မှု၊ အပြန်အလှန်အသာစီးရလိုမှုများက အက်ကွဲမှု၏မူရင်းဇစ်မြစ်ဖြစ် သည်။
ထိုအနေအထားအပေါ် အင်အားသုံးဖြေရှင်းလိုမှုစိတ်မျိုးကအခြေခံက ရှိသည်။
ထိုအနေအထားအပေါ် နိုင်ငံရေးအရအသုံးချလိုမှုများက လူ့အဖွဲ့အစည်းနှစ်ခုတွင်သာမက ဘက်အသီးအသီးရှူဒေါင့်အသီးသီးတွင်လည်းကြရှိသည်။
ကိုယ့်စီကိုယ်စီနိုင်ငံရေးအာဂျင်တာများပါလာသောအခါ ဇာတ်လမ်းမှာ ရှုပ်ထွေးကုန်တော့သည်။
အာရက္ခဒေသအတွင်း လူ့အဖွဲ့အစည်းနှစ်ခုကြား ရန်တိုက်ပေးရလွယ်နေခြင်းသည်ပင်လျှင် စတင်ဖြေရှင်းရမည့်အခြေအနေဖြစ်သည်။
ဤသို့ရန်တိုက်ပေးရန်လွယ်သောအခြေအနေများကိုလူ့အဖွဲ့အစည်းနှစ်ခု၏ ဘာသာရေး၊ ယဉ်ကျေးမှု၊လူမှုရေး၊နိုင်ငံရေးအဆောက်အအုံများသည် ပြန်လည်သုံးသပ်ပြင်ဆင်မှုကို မပြုနိုင်ကြသေးပေ။
ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများ
ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများပေါ် လာခြင်းနှင့် မြေပြင်တွင်လှုပ်ရှားလာနိုင်ခြင်းကိုဆန်းစစ်ပါက ရှူဒေါင့်တဖက်တည်းချဉ်းကပ်နေပါလျှင် ပဋိပက္ခသံသရာထဲမှလွတ်မည်မဟုတ်သေးချေ။
ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများ ပေါ် လာရခြင်း၏ရေခံမြေခံအခြေအနေများကို အပြည့်အစုံချဉ်းကပ်မိရန်လည်းလိုပေသည်။
ရေခံမြေခံအခြေအနေများတွင်…
၁။ယခင်ကာလကပင်တည်ရှိနေသော လူ့အဖွဲ့အစည်းနှစ်ခုကြားမှအက်ကွဲစများ၊
၂။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများအတွင်းလုံခြုံရေးအခြေအနေဆိုးဝါးနေမှုများ၊
၃။ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထဲမှ အဖွဲ့ဝင်အချို့၏လူ့အခွင့်အရေးအပေါ် အလေးမထား၊ ချိုးဖောက်မှုများ၊
၄။၁၀၂၇ ထိုးစစ်ကာလအတွင်း မြန်မာစစ်တပ်၏အာရက္ခတပ်တော်(AA)ထိုးစစ်အပေါ် ရင်ဆိုင်သည့် မဟာဗျူဟာများ၊”က အဓိကအချက်များအဖြစ်ပါဝင်သည်။
ဤအချက်များသည် အပြန်အလှန်ဆက်နွယ်ပတ်သက်နေပေသည်။
အဆိုပါအချက်များတွင် အချက်တချက်ကိုကိုင်တွယ်နိုင်ပါက ကျန်အချက်များကိုဖြေရှင်းရန် လမ်းပွင့်လာမည်ဖြစ်သည်။
ထိုလေးချက်တွင်မြေပြင်၌ လက်တွေ့ဆောင်ရွက်နိုင်သော အချက်နှစ်ခုရှိပေသည်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများအတွင်းလုံခြုံရေးအခြေအနေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များမှ ပိုမိုဖိဖိစီးစီးဆောင်ရွက်ခြင်”ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အနေဖြင့် လူ့အခွင့်အရေးအပေါ် အလေးထားလုပ်ဆောင်ခြင်း” များပင်ဖြစ်သည်။
အထက်ပါကိစ္စရပ်နှစ်ခုစလုံးတွင် လတ်တလောအရ စိန်ခေါ်ချက်ရှိနေသော်လည်းနိုင်ငံတကာ၏ ဂရုစိုက်မှုအောက်တွင် စတင်အလုပ်ဖြစ်လာစရာတော့ရှိပေသည်။
အာရက္ခဒေသအတွင်း လူ့အဖွဲ့အစည်းနှစ်ရပ်ကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရေးသည် မျှော်လင့်ချက်လမ်းဆုံးနေသော အခြေအနေမျိုးတော့ မဟုတ်သေးချေ။
ဆက်လက်ဖော်ပြပါမည်။






