Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၁၉။
လက်နက်ကိုင်တပ်ဖွဲ့တခုသည် “လူသားဂုဏ်သိက္ခာနှင့်လူသားတန်ဖိုးကို လေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်” ဟုမည်သို့ပင်ဆိုနေစေကာမူ “ငါတို့ တိုက်ရသည်။ ငါတို့စွန့်လွတ်ရသည်။ ငါတို့ပေးဆပ်ရသည်။ သို့ဖြစ်၍ ငါတို့သည်မြင့်မြတ်သည်။ ငါတို့သည် ဦးစားပေးခံထိုက်သည်။” ဟူသော ခံစားချက်မျိုးရှိလာတတ်သည်။
ပြည်သူလူထုသည် လက်နက်ကိုင်အဖွဲ့အစည်း၏ အာဏာမူလပိုင်ရှင်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းသော လူ့အဖွဲ့အစည်းတခုဖြစ်စေရန် မိမိတို့အားပြည်သူလူထုမှ တာဝန်ပေးထားသည်။ နေရာပေးထားသည်ဟူသောအတွေးအခေါ်မျိုးက လက်နက်ကိုင်တပ်ဖွဲ့များထံတွင် ကင်းကွာလာတတ်သည်။
လက်နက်ကိုင်တပ်ဖွဲ့ဟူသည် လူ့အဖွဲ့အစည်းတခုအား ဘေးအန္တရာယ်ကင်းဝေးစေရန်တာဝန်ပေးခံထားရသော၊ တာဝန်ယူထားရသော ပြည်သူလူထု၏အခိုင်းအစေဖြစ်သည်။
ဤအချက်က လက်နက်ကိုင်တပ်ဖွဲ့တိုင်းတွင် အမြဲတန်းကိန်းဝပ်နေရမည့်ဝတ္တရားဖြစ်သည်။
ဝတ္တရား(Obligation)ဟူသည် အမြဲတမ်းဖြည့်ဆည်းရန် လိုအပ်သောအရာဖြစ်သည်။
အမေရိကန်စစ်တပ် တပ်ရင်းအကြပ်ကြီးချုပ်ဂျွန်ခရင်ရှော(Command Sgt. Maj. John Crenshaw)က တာဝန်၏ အနှစ်သာရမှာ မည်သူတဦးတယောက်ကမှ အမိန့်ပေးထားခြင်းမရှိသည့်တိုင်အောင် ကိုယ်တိုင်အသိတရားအရလည်းကောင်း၊ ကိုယ်ကျင့်တရားအရလည်းကောင်း၊ မိမိ၏လက်ရှိရပ်တည်ရာ တာဝန်ယူထားရာ ပရော်ဖက်ရှင်နယ်ပီသမှုဖြင့်လည်းကောင်း ပြုလုပ်ရမည့်အရာဖြစ်သည် ဟုဆိုထားသည်။
လက်နက်ကိုင်တပ်ဖွဲ့ဝင်တယောက်တွင် လက်နက်ကိုင်သောအလုပ်ကို လုပ်နေသည့်အတွက် အမြဲတမ်းဆောင်ရွက်ရမည့်တာဝန်(Duty)ရှိသည်။ ဝတ္တရား (Obligation)ရှိသည်ဟုဆိုသည်။
မိမိလက်နက်ကိုင်သောအလုပ်၏ မူလရည်ရွယ်ချက်တန်ဖိုးမှာ ပြည်သူလူထုကို ဘေးကင်းလုံခြုံစေရန်၊ ကာကွယ်ရန်ဖြစ်သည်။
ပြည်သူလူထုက ၎င်းတို့ဘေးကင်းလုံခြုံစေရန်၊ ၎င်းတို့ကိုကာကွယ်စေရန် လက်နက်ကိုင်တပ်ဖွဲ့၏ ဖြစ်တည်မှုကို လက်ခံထားသည်။ နေရာပေးထားသည်။ လက်နက်ကိုင်တပ်ဖွဲ့တခုတွင် မိမိဖြစ်တည်မှု၏ မူလရည်ရွယ်ချက်မှလမ်းချော်ထွက်သွား၍ မရချေ။
လက်နက်ကိုင်တပ်ဖွဲ့၏လုပ်ငန်းသဘာဝအရပင်တိုက်ရမည်။ ခိုက်ရမည်။ အန္တရာယ်ကို ရင်ဆိုင်ရမည်။ ထိုအတွက် အသက်ခန္ဓာကိုယ်လက်အင်္ဂါအချိန် ဘဝ တို့ ပါသွားနိုင်သည်။ မိမိတို့၏ ကိုယ်လက်အင်္ဂါ အသက်ခန္ဓာ ပါသွားရင်လည်း ပါသွားပါစေ။ မိမိသည် ဤလုပ်ငန်းအား လုပ်မည်ဟုသော ခံယူချက်ကြောင့် ဤသို့ လက်နက်ကိုင်နယ်ပယ်ထဲသို့ “မိမိ သဘောဖြင့်” ဝင်ရောက်လာခြင်း ဖြစ်သည်။
သို့ဖြစ်၍ “ငါတို့ တိုက်ရသည်။ ငါတို့စွန့်လွတ်ရသည်။ ငါတို့ပေးဆပ်ရသည်။” ဟူ၍ မာန်စောင်းလာ၍မရပေ။
မူလရည်ရွယ်ချက်မှ လမ်းချော်ထွက်ခြင်း
သို့သော် အသိအမှတ်ပြုခံလိုမှု၊ အခွင့်အရေးရလိုမှုစသဖြင့် ခံစားချက်များလာလျှင်တော့ လက်နက်ကိုင်တပ်ဖွဲ့တခုသည် မူလရည်ရွယ်ချက်မှ လမ်းချော်ထွက်လာခဲ့ပြီဖြစ်သည်။
မိမိသဘောဆန္ဒဖြင့် လက်နက်ကိုင်တပ်ဖွဲ့ထံဝင်ရောက်မှုတွင် အဆိုပါအသိအမှတ်ပြုခံလိုမှု၊ အခွင့်အရေးရလိုမှု စသည့် ခံစားချက်များရှိလာလျှင်ကျိန်းသေလမ်းလျှော်သွားပြီဖြစ်သည်။
အသိအမှတ်ပြုခံလိုသူ၊ အခွင့်အရေးရလိုသူများအတွက်“လက်နက်ကိုင်တပ်ဖွဲ့တခု၏ မူလရည်ရွယ်ချက်”က ၎င်းတို့အတွက် အဓိကမဟုတ်ပေ။
၎င်းတို့အတွက် အရေးလည်းမပါလှပေ။သူအတွက် သူ့ကိုယ်ကျိုးစီးပွားဖြစ်သော အသိအမှတ်ပြုခံရခြင်း၊ အခွင့်အရေးရခြင်းကသာ အဓိကဖြစ်သည်။
၎င်းတို့အတွက် ပန်းတိုင်ဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့ဟူသည် ၎င်းတို့အဖို့ပန်းတိုင်ကိုရောက်စေရန် လှေကားထစ်သာဖြစ်သည်။ အသုံးချမည်အရာသာဖြစ်သည်။
တပ်ဖွဲ့ဝင်တယောက်သည် မိမိသဘောဆန္ဒဖြင့် ဝင်ရောက်ခြင်းမဟုတ်ဘဲ လွန်ဆန်၍မရနိုင်သော ပယောဂတခုခုကြောင့် ဝင်ရောက်လာရသည်ဆိုပါက အနုတ်လက္ခဏာဘက်တွင် ပိုရှိလာတော့သည်။
မိမိသဘောဆန္ဒဖြင့် ဝင်ရောက်ခြင်းမဟုတ်သည့်သူများအတွက် “လက်နက်ကိုင်တပ်ဖွဲ့တခု၏ ရည်ရွယ်ချက်” ဟူသည် အလွန်တရာမှစိတ်ပျက်စရာကောင်းသော ဝန်ထုတ်ဝန်ပိုးတခုဖြစ်သည်။
လက်နက်ကိုင်တပ်ဖွဲ့တခုအတွက် “မူလရည်ရွယ်ချက်မှမကင်းကွာမှု” ဆိုသော စိန်ခေါ်ချက်သည်အမြဲတန်းရှိနေသည်။
ဤသည်က လက်နက်ကိုင်တပ်ဖွဲ့၏ ကိစ္စသာဖြစ်ပြီးမိမိတို့နှင့်မဆိုင်ဟု ပြည်သူလူထုသည် မယူဆကောင်းပေ။
အဘယ်ကြောင့်ဆိုသော ပြည်သူလူထုက ၎င်းတို့ဘေးကင်းလုံခြုံစေရန်၊ ၎င်းတို့ကို ကာကွယ်စေရန် လက်နက်ကိုင်တပ်ဖွဲ့ကို တာဝန်ပေးထားသော အလုပ်ရှင်ဖြစ်နေသောကြောင့်ဖြစ်သည်။
အလုပ်ရှင်တယောက်သည် မိမိ၏အလုပ်သမားအလုပ်ကို မှန်မှန်ကန်ကန်လုပ်၊ မလုပ်ကိုမျက်နှာလွှဲပစ်ထား၍မရပေ။
အခွင့်အရေးသမားများက မိမိအကျိုးအတွက် လက်နက်ကိုင်အဖွဲ့အစည်းကို အသုံးချသည်။
မိမိသဘောဆန္ဒဖြင့် ဝင်ရောက်ခြင်းမဟုတ်ဘဲ မလွန်ဆန်နိုင်မှုတခုခုကြောင့် ဝင်ရောက်လာသူများကို လက်နက်ကိုင်အဖွဲ့အစည်းက အသုံးချသည်။
ဤသို့ဖြစ်လာလျှင် ထိုလက်နက်ကိုင်တပ်ဖွဲ့တွင် ပရိုဖက်ရှင်နယ်ကျင့်ဝတ် ပျက်တော့သည်။
နိုင်ငံတော်နှင့် ပြည်သူလူထုအား ခွဲခြားခြင်း
လက်နက်ကိုင်တပ်ဖွဲ့တရပ်သည် လူ့အသိုက်အဝန်းတခုကိုကာကွယ်ရန် တာဝန်ရှိသည်။ (နိုင်ငံတော်သည်လည်း လူ့အသိုက်အဝန်းတခုဖြစ်သည်။ နိုင်ငံတော်၏မူလပိုင်ရှင်သည် ထိုနိုင်ငံ၏ ပြည်သူလူထုဖြစ်သည်)။
သို့သော် လက်နက်ကိုင်တပ်ဖွဲ့တခုသည် လူ့အသိုက်အဝန်း၏ အမြင့်ဆုံးအာဏာနှင့်လုပ်ပိုင်ခွင့်၊ အခွင့်အရေးများထိ ဝင်ရောက်စွက်ဖက်နေလျှင်”နိုင်ငံတော်အားပြည်သူလူထုနှင့် ခွဲခြားထားတော့သည်။
ထိုသို့အခွင့်အရေးနှင့် အဆီယစ်နေသောအုပ်စုများထံမှ ထွက်လာသောလော်ဘီများအသံတွင် လက်နက်ကိုင်တပ်ဖွဲ့သည် နိုင်ငံတော်အား ကာကွယ်သည်ဟုသာ အများအားဖြင့်ပြောဆိုကြသည်။
အမှန်က နိုင်ငံတော်ဟူသည် နယ်မြေနယ်နိမိတ်တခုပေါ်တွင် ပြည်သူလူထုအချင်းချင်းကြား ပဋိညဏ်ပြုကာ ဖွဲ့စည်းထားသော လူ့အသိုက်အဝန်း စနစ်တရပ်ဖြစ်သည်။
လက်နက်ကိုင်တပ်ဖွဲ့ဟူသည် ထိုနယ်နိမိတ်ပေါ်ရှိ ပြည်သူလူထု၏အကျိုးစီးပွားကို အန္တရာယ်ပေးလာမည့် ရန်သူများကိုကာကွယ်ရန်အတွက် ပြည်သူလူထုကိုယ်တိုင် အထောက်အပံပေးကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။
ထိုအချက်ကို ကိုယ်ကျိုးအခွင့်အရေးအပေါ် အဆီယစ်အုပ်စုများက ဖွင့်ဆိုမပြပေ။
၎င်းတို့ဖွင့်ဆိုသော အဓိပ္ပါယ်မှာ၎င်းတို့သည် နိုင်ငံတော်ကိုကာကွယ်နေသည့် သူများဖြစ်သည်။ အနစ်နာခံသူများဖြစ်သည်။ လက်ရှိလည်း အနစ်နာခံနေရသည်ဟူသော စကားလုံးကိုသာတွင်တွင်ပြောသည်။
၎င်းတို့ပြောသော စကားလုံး၏အခြားဘက်အဓိပ္ပါယ်တွင် ထိုသို့အနစ်နာခံနေရသည့်အတွက် အခွင့်အရေးကိုယူသည်ဟူသော အချက်ကပါနေသည်။
မိမိကိုယ်ကျိုးအခွင့်အရေးအပေါ် အဆီယစ်အုပ်စုက “လက်နက်ကိုင်တပ်ဖွဲ့တည်ရှိရန်လိုအပ်သည်” ဟု တွင်တွင်ပြောနေမည်ဖြစ်သည်။ အမှန်က “လက်နက်ကိုင်တပ်ဖွဲ့တည်ရှိရန်လိုအပ်သည်။မလိုအပ် သို့မဟုတ် တည်ရှိမှုကို လက်ခံသည်။ လက်မခံဆိုသည် ဆုံးဖြတ်ချက်၏မူလပိုင်ရှင်မှာ ပြည်သူလူထုသာဖြစ်သည်ကိုတော့ ထိုအဆီယစ်အုပ်စုများက ဖွင့်ဆိုမပြပေ။
ဤသို့ဖြင့်သဘောတရား အတွေးအမြင်ပိုင်းမှစတင်ကာ လက်နက်ကိုင်တပ်ဖွဲ့တခု၏ မူလရည်ရွယ်ချက်မှသွယ်ဖယ်လာသည့်အခါ လက်နက်ကိုင်တပ်ဖွဲ့တရပ်သည် ၎င်းတို့တည်ရှိမှုနှင့် ၎င်းတို့လုပ်သည့်လုပ်ရပ်များကို နိုင်ငံတော်အားကာကွယ်ခြင်းဟု လွယ်လွယ်အမည်တပ်လိုက်ကြသည်။
နိုင်ငံတော်အား ကာကွယ်ရန်အတွက်ဟုဆိုကာ ပြည်သူလူထု၏အကျိုးစီးပွားနှင့် အခွင့်အရေးကိုထိပါးလာတော့သည်။
အရပ်ဘက်- စစ်ဘက်ဆက်ဆံရေးတွင် ပြည်သူလူထုသည် မိမိ၏အခိုင်းအစေဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့၏ မူလရည်ရွယ်ချက်မှသွယ်ဖယ်မှုကို အမြဲတမ်းမျက်စိဒေါက်ထောက်ကြည့်၍ ထိန်းကျောင်းနိုင်ရန် အထူးလိုအပ်သည်။
လက်နက်ကိုင်တပ်ဖွဲ့တခုတွင် မူလရည်ရွယ်ချက်အား အချိန်တိုင်းအစဉ်မပြတ်လိုက်နာကျင့်သုံးရန် တာဝန်၊ ဝတ္တရားသည်ရှိသည်။
သို့ဖြစ်၍ဂျွန်ခရင်ရှောက သူ၏လက်ချာတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးချင်းစီ ကျင့်ကြံလိုက်နာရမည့် တာဝန်နှင့်ဝတ္တရားအား ဤသို့အဓိပ္ပါယ်ထွက်ဆိုပြခဲ့သည်။
“မိမိ၏တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ပါ။ တာဝန်ဟူသည်၏ အနှစ်သာရမှာတပါးသူ၏ အမိန့် သို့မဟုတ် ညွှန်ကြားချက်မရှိသော်လည်း မိမိ၏ကိုယ်ကျင့်တရားနှင့် သက်မွေးမှုဆိုင်ရာမှန်ကန်သော အသိစိတ်အပေါ် အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်သည်။
တာဝန်ဆိုသည်မှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အမိန့်များအရ လိုက်နာရန်လိုအပ်သည့်အရာများမှ စတင်သော်လည်း ၎င်းသည်ထိုထက်မက ပိုမိုကျယ်ဝန်းပါသည်။ ကျွမ်းကျင်မှုပြည့်ဝသော စစ်သည်တို့သည် မိမိတို့၏အလုပ်ကို အနိမ့်ဆုံးသတ်မှတ်ချက်(Standard)အတိုင်းသာမကဘဲ မိမိတို့တွင်ရှိသော စွမ်းဆောင်ရည်အ ကောင်းဆုံးဖြင့် လုပ်ဆောင်ကြသည်။
စစ်သည်များသည် မိမိတို့၏သက်မွေးမှုဆိုင်ရာတာဝန်ရှိသမျှတွင် ထူးချွန်ထက်မြက်ရန် အားထုတ်ကြသည်မှာ တာဝန်ပြီးဆုံးသည့်အခါတွင် ငါ့အနေနဲ့ဒီထက်ပိုပြီး ဘာမှမလုပ်ပေးနိုင်တော့ဘူး(ငါ့စွမ်းအားရှိသမျှ အကုန်ပေးဆပ်ခဲ့ပြီးပြီ)ဟု ပြန်လည်ပြောဆိုနိုင်ရန် ဖြစ်သည်။
စစ်သည်များသည် တစုံတဦးကခိုင်းစေခြင်းမပြုမီ ဘာလုပ်ရန်လိုအပ်သည်ကို ကိုယ်တိုင်စဉ်းစားကာ ဦးဦးဖျား ဖျား စတင်လုပ်ဆောင်ရမည်။
ထို့အပြင် မိမိ၏လုပ်ဆောင်ချက်များနှင့် မိမိလက်အောက်ငယ်သားများ၏ လုပ်ဆောင်ချက်များအတွက် အပြည့်အဝတာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်။
စစ်သည်များသည် မိမိတို့၏တပ်ဖွဲ့ကို ကြည့်ကောင်းအောင် သို့မဟုတ် မိမိတို့၏အပေါင်းအသင်းများ စိတ်ချမ်းသာစေရန်အတွက် အမှန်တရားကို ဖုံးကွယ်ခြင်း၊ လိမ်လည်ခြင်း မပြုရပါ။
ယင်းအစား တပ်မတော်နှင့်နိုင်ငံတော်အပေါ်ထားရှိသည့် ပိုမိုမြင့်မားသော တာဝန်ဝတ္တရားကိုသာ ဦးထိပ်ထားလိုက်နာကြရမည်။”
ဆက်ရန်…






