Border News Agency
အီရန်၊ မတ် ၁၇။
၁၉၀၈ ခုနှစ်မှာ အီရန်ရဲ့ပါလီမာန်ကို ဗုံးခွဲတာက ရုရှားတွေဦးဆောင်တဲ့ပါရှန်း ကော့ဆက်တပ်ဖွဲ့ရဲ့ လက်ချက်ပါ။ ဘာကြောင့် ရုရှားတွေ ဝင်ပါရသလဲဆိုရင် ဒုတိယအကြိမ်ပါလီမန်လွှတ်တော်ကို မာဂျ်လီစ်(Majlis)စတင်တော့ အမေရိကန်လူမျိုးဝီလျံမော်ဂန်ရှူစတာ ( William Morgan Shuster)ကို ဘဏ္ဍာရေးအကြံပေးခန့်လိုက်ပါတယ်။
အဲဒီရှုစတာက Shuster ဟာ အီရန်ရဲ့ဘဏ္ဍာရေးကို စနစ်တကျပြုပြင်ပြောင်းလဲဖို့ စီမံပါတယ်။
သူ့ရဲ့စီမံမှုတွေထဲမှာ ရုရှားတွေအမြတ်ထုတ်နေတဲ့စီးပွားရေးကို ကိုင်တွယ်မယ့်ဗျူဟာတွေလည်းပါပါတယ်။
အဲဒီလိုရုရှားရဲ့ ဩဇာလွှမ်းမိုးမှုကိုတားဆီးဖို့ကြိုးစားခဲ့တာကြောင့် ရုရှားကရှူစတာကိုမလိုလားပါဘူး။
အဲဒီလိုမလိုလားတဲ့အခါ ရုရှားဟာပါလီမန်လွှတ်တော်ကို မာဂျ်လီစ်(Majlis)နဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဘုရင်မိုဟာမက်အလီရှားကာဂျာစ်( Mohammad Ali Shah Qajar)ကို ထောက်ခံလာပါတော့တယ်။
ပါလီမန်လွှတ်တော်ကို မာဂျ်လီစ်(Majlis)ရဲ့တပ်တွေက တာဘရစ်(Tabriz)နေရာမှာ ခြေကုတ်ယူထားတာပါတယ်။
ဘုရင်မိုဟာမက်အလီရှားကာဂျာစ်( Mohammad Ali Shah Qajar)က သူ့ရဲ့တပ်ဖွဲ့လေးသောင်းကို တာဘရစ်ကို တိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်။
အဲဒီတော့ပါလီမန်လွှတ်တော် မာဂျ်လီစ်(Majlis)က ဆိုရှယ်ဒီမိုကရက်ဘက်ကို ယိမ်းတဲ့အလယ်အလတ် ဆိုရှယ်လစ်ဝါ ဒီဆက်တာခန်း(Sattar Khan)ကို ပါလီ မန်တပ်ရဲ့ခေါင်းဆောင်အဖြစ်တင်ပြီး ဘုရင်ရဲ့တပ်ကို တိုက်ခိုက်ပါတော့တယ်။
အဲဒီတိုက်ပွဲဟာ နှစ်ဖက်စလုံးအထိနာပြီး နာကျင်ကြေကွဲစရာကောင်းပါတယ်။
၁၉၀၉ ခုနှစ်၊ ဧပြီလမှာပါလီမန်တပ်ဟာလည်း တပ်ဖွဲ့ဝင်အရေအတွက် ပမာဏကြီးကြီးမားမားဆုံးရှုံးလိုက်ရပါပြီ။ ဒါပေမယ့် ဘုရင်ရဲ့တပ်တွေကိုတော့ တာဘရစ်မြို့က မောင်းထုတ်နိုင်ခဲ့ပါတယ်။
အဲဒီလိုအနိုင်ရမှုက ဖွဲ့စည်းပုံအခြေခံဥပဒေဝါဒီတွေဟာ တီဟီရန်၊ ရာရှ်တ်၊ ကာဗင်၊ အစ်ဖာဟန်အပါအဝင်တခြားမြို့တွေမှာလည်း ကော်မတီတွေဖွဲ့ပြီး လှုပ်ရှားလာပါတယ်။
ဩဇာကြီးတဲ့ဘာခ်တီယာရီလူမျိုးစု(Bakhtiyari tribal)ခေါင်းဆောင်တွေရဲ့ ထောက်ခံမှုကိုလည်းရယူလာနိုင်ခဲ့ပါတယ်။
၁၉၀၉ ခုနှစ်မှာ ပါလီမန်တပ်တွေဟာ တီဟီရန်ကိုရောက်ရှိလာပြီး ဘုရင်မိုဟာမက်အလီရှား ကာဂျာစ်( Mohammad Ali Shah Qajar)ကို ထီးနန်းစွန့်ခိုင်းပြီး ကလေးဘဝသာရှိသေးတဲ့ သားဖြစ်သူအာမက်ရှားကာဂျာ(Ahmad Shah Qajar)ကို နန်းတင်ခိုင်းပါတယ်။ ပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ကျင့်သုံး ဖို့ဖိအားပေးပါတယ်။
အဲဒီလိုနဲ့အီရန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို ရောက်လာပြန်ပါတယ်။
အစိုးရနဲ့ပါလီမန်လွှတ်တော် မာဂျ်လီစ်(Majlis)ဟာ ပြန်လည်လည်ပတ်လာပါတယ်။
ဒါပေမယ့်အီရန်ဟာ စီးပွားရေးနဲ့လူမှုရေးမှာ အင်အားအင်မတန်ချိနည်းနေပါပြီ။
အဲဒီကြားထဲ ဘာသာရေးအလွှာနဲ့ နိုင်ငံရေးအုပ်စုကြားက ပါဝါအားပြိုင်မှုကလည်း နက်သထက်နက်ရှိုင်းလာပါတယ်။
ဒီမိုကရေစီကိုဆွဲကိုင်ပြီး ဘာသာရေးကိုအခြေမခံတဲ့ နိုင်ငံတော်အဖြစ်တည်ဆောက်ချင်တဲ့ပညာတတ်လူတန်းစား၊ တဖက်ကဘာသာရေးစည်းမျဉ်းတွေနဲ့ နိုင်ငံကို တည်ဆောက်ချင်တဲ့ဘာသာရေးအလွှာကြားမှာ ကွဲလွဲမှုကနက်ရှိုင်းလာလေ သဘောထားတင်းမာသူတွေက နှစ်ဖက်စလုံးမှာနေရာရလာလေပါပဲ။
နှစ်ဖက်စလုံးက သဘောထားပျော့ပျောင်းသူတွေကလည်း နှစ်ဦးနှစ်ဖက်လက်ခံနိုင်လောက်တဲ့ သဘောတူညီချက်တွေရဖို့ကြိုးစားနေရပါတယ်။
ဘယ်လိုပဲကြိုးစားကြိုးစားအီရန်ရဲ့ ဘာသာရေးအလွှာဘက်က ပညာတတ်နိုင်ငံရေးအလွှာကို မယုံကြည်မှုတိုးပွားလာပါတယ်။
၁၉၀၉ ခုနှစ်မှာ ပါလီမန်လွှတ်တော်ကို မာဂျ်လီစ်(Majlis)ကို အမတ်ငါးရာနဲ့စတင်ပါတယ်။
ပထမအကြိမ်ထက် ပိုပြီးကွဲပြားခြားနားတဲ့နောက်ခံတွေက စုံလင်လာပါတယ်။
ဒီတကြိမ်မှာ ပါလီမန်လွှတ်တော်မာဂျ်လီစ်(Majlis)ဟာ ဒီမိုကရက်ပြုပြင်ပြောင်းလဲရေးတွေကို ပိုပြီးမြန်မြန်ဆန်ဆန်လုပ်ဖို့ စိုင်းပြင်းလာပါတယ်။
လူတန်းစားအရ ကိုယ်စားပြုမှုကိုဖျက်သိမ်းပါတယ်။ ပြီးရင် လူနည်းစုတွေအတွက် နေရာငါးနေရာဖန်တီးပေးပါတယ်။
အာမေနီးယန်းတွေအတွက် နှစ်နေရာ၊ ဂျူး၊ဇိုရိုးစတားနဲ့အာဆီးရီယန်းတွေအတွက် တနေရာစီရှိပါတယ်။
အီရန်ပညာတတ်နိုင်ငံရေးအလွှာထဲမှာလည်း သဘောထားကွဲပြားမှုကရှိလာပါတယ်။လက်ရှိအနေအထား တိုင်းပြည်အင်အားချိနဲ့နေသေးတော့ ဘာသာရေးအလွှာနဲ့ဘုရင်တို့ကြားမှာ ဟန်ချက်ထိန်းပြီးပြုပြင်ပြောင်းလဲမှုကို ဖြေးဖြေးလုပ်ချင်ပါတယ်။
ကျန်အုပ်စုက ဒီမိုကရက်ပြုပြင်ပြောင်းလဲမှုကို မြန်မြန်လုပ်ချင်တယ်။
အဲဒီနှစ်အုပ်စုကြားထဲမှာလည်း အကွဲအပြဲကပြင်းထန်လာပြီး အပြန်အလှန်လုပ်ကြံသတ်ဖြတ်မှုထိဖြစ်ကုန်ပါတယ်။ ဘာသာရေးအလွှာဘက်က နိုင်ငံရေးအုပ်စုတွေကို သံသယစိတ်က ပိုကြီးလာပါတယ်။
အစ္စလာမ်ပညာရှင်မူဂျ်တာဟစ်(mujtahids)ငါးဦးကော်မတီကို ဥပဒေပြဋ္ဌာန်းမှုမှာ အကောင်အထည်မဖော်တာ၊ ဖီဇ်လိုလာနိုရီ( Fazlollah Nori)လို ပုဂ္ဂိုလ်မျိုးကို တော်လှန်ရေးကာလအတွင်းမှာ သတ်ပစ်တာတွေကဘာသာရေးအလွှာကို ပိုပြီးရှောခ့်ရစေပါတယ်။
ရှေးရိုးစွဲဘာသာရေးဆရာတွေဘက်က နိုင်ငံရေးအုပ်စုတွေရဲ့ဘာသာရေးနဲ့ နိုင်ငံရေးကိုခွဲထုတ်ဖို့ကြိုးစားမှုကို သဘောမတူပါဘူး။
အမှန်ကလည်း ပါလီမန်လွှတ်တော်မာဂျ်လီစ်(Majlis)က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လိုပဲအကောင်အထည်ဖော်နေပါစေ။ အစိုးရက အင်အားအင်မတန်နည်းနေပါပြီ။
အစိုးရထဲမှာပါတဲ့နိုင်ငံရေးအလွှာကသူတွေကလည်း အကွဲအပြဲမဖြစ်ချင်လို့ ဘာသာရေးအလွှာနဲ့ဘုရင်ကို ရေလိုက်ငါးလိုက်ဆက်ဆံနေရပါတယ်။
အဲဒီတော့အစိုးရသစ်ကို ဘာသာရေးအလွှာဘက်လည်းအမြင်မကြည်သလို ဆက်တာခန်း(Sattar Khan)တို့လို ဒီမိုကရေစီကို တည်ဆောက်ချင်သူတွေက
လည်းအမြင်မကြည်ပါဘူး။
ဆက်တာခန်း(Sattar Khan)ရဲ့အမြင်
တော်လှန်ရေးအပြီးမှာ အစိုးရသစ်ဟာတော်လှန်ရေးသမားတွေကို ဖိနှိပ်ဖို့ကြိုးစားနေတယ်လို့ ဆက်တာခန်းကမြင်ပါတယ်။
အစိုးရထဲမှာ ရုရှားလိုလားသူတွေနဲ့ ဘုရင်ဝါဒီဟောင်းတွေ ပြန်လည်ဩဇာကြီးလာနေတာကို သူသတိထားမိပါတယ်။
အဲဒါကြောင့် လက်နက်ဖြုတ်လိုက်ရင် “တော်လှန်ရေးတန်ဖိုးတွေပျက်စီးသွားပြီး အာဏာရှင်စနစ်ပြန်ပေါ်လာလိမ့်မယ်။”လို့ သူက စိုးရိမ်ခဲ့တာပါ။
အဲဒီအချိန်မှာ ရုရှားနဲ့ဗြိတိန်ဟာ အီရန်ကိုသူတို့လက်အောက်ခံဖြစ်အောင် ဖိအားပေးနေချိန်ပါ။ စတားခန်းက-အစိုး ရစစ်တပ်ဟာအားနည်းပြီး ရုရှားရဲ့ဩဇာခံနေတယ်လို့ ယုံကြည်ပါတယ်။
“နိုင်ငံကို နိုင်ငံခြားသားတွေဆီကနေကာကွယ်ဖို့ဆိုရင် တော်လှန်ရေးသမားတွေရဲ့လက်နက်ကိုင်တပ်ဖွဲ့ကလွဲရင် တခြားမရှိတော့ဘူး။”ဆိုတဲ့ ခံယူချက်သူ့မှာ ရှိနေပါတယ်။
လက်နက်ဖြုတ်သိမ်းလိုက်ရင် အီရန်ဟာနိုင်ငံခြားကျူးကျော်မှုဒဏ်ကို တိုက်ရိုက်ခံရလိမ့်မယ်လို့ သူကယူဆခဲ့တာပါ။
စတားခန်းရဲ့တပ်ဖွဲ့(တက်ဘရစ်ဇ်မြို့ကသူရဲကောင်းတွေ)ဟာ တော်လှန်ရေးရဲ့အသက်သွေးကြောဖြစ်ခဲ့ပါတယ်။
အစိုးရရဲ့အမိန့်ဟာ သူတို့ရဲ့ရုန်းကန်လှုပ်ရှားမှုတွေကို အသိအမှတ်မပြုဘဲ “ဓားပြ”သို့မဟုတ်”ထိန်းချုပ်မရတဲ့ လူအုပ်”လိုမျိုး သဘောထားတယ်လို့ သူခံစားခဲ့ရပါတယ်။
လက်နက်ဖြုတ်သိမ်းတာဟာ သူတို့ရဲ့တော်လှန်ရေးသမား ဂုဏ်သိက္ခာကိုစော်ကားတာလို့ သူရှုမြင်ခဲ့ပါတယ်။
လက်နက်ဖြုတ်သိမ်းမှုကို ငြင်းဆန်မှုကြောင့် အစိုးရနဲ့စတားခန်းတို့ကြားမှာ တင်းမာမှုတွေဖြစ်လာပြီး နောက်ဆုံးမှာ ၁၉၁၀ ခုနှစ် အတာဘာကိပတ်ခ် ( “Atabaki Park”)ဖြစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အစိုးရတပ်တွေက စတားခန်းရဲ့တပ်စခန်းကို ဝိုင်းရံခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စတားခန်းကိုယ်တိုင်ခြေထောက်မှာဒဏ်ရာရခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ တော်လှန်ရေးအင်အားစုတွေကြားမှာ သွေးကွဲမှုကိုပိုဆိုးသွားစေပြီး တော်လှန်ရေးကိုအားနည်းသွားစေခဲ့တဲ့ အဓိကအချက်ဖြစ်လာခဲ့ပါတယ်။
ဆက်တာခန်းအတွက်တော့လက်နက်ဆိုတာ သူ့အတွက်အသက်အန္တရာယ်ကင်းရှင်းရေးတင်မကဘဲ တော်လှန်ရေးရဲ့အချုပ်အခြာအာဏာကို ကိုယ်စားပြုတဲ့အရာဖြစ်နေလို့သာ သူအသက်ပေးပြီးငြင်းဆန်ခဲ့တာပါ။
ယီပရမ်ခန်း( Yeprem Khan)ရဲတပ်ဖွဲ့အကြီးအကဲဖြစ်လာပြီးနောက်မှာတော့ ဆက်တာခန်းတပ်ဖွဲ့လည်းလက်နက်ဖြုတ်ခံလိုက်ရပါပြီ။
မှောင်မိုက်သွားရသော ဒီမိုကရေစီသို့မဟုတ်ဒုတိယအကြိမ် ပါလီမန်လွှတ်တော်မာဂျ်လီစ်(Majlis)
အီရန်ရဲ့ ဒုတိယအကြိမ်ပါလီမန်လွှတ်တော်မာဂျ်လီစ်(Majlis)သက်တမ်းဟာလည်း ကြေကွဲဖို့ကောင်းပါတယ်။
သူတို့ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကြောင့် အီရန်ဘာသာရေးအလွှာရဲ့ မကြေနပ်မှုကိုလည်းခံရပါတယ်။ ပြီးရင် စီးပွားရေး၊ လူမှုရေးပြိုလဲနေချိန်မှာ ဆောင်ရွက်ရတဲ့လွှတ်တော်ပါ။
အီရန်ရဲ့စီးပွားရေးလူမှုရေးကို ပြန်လည်တည်ဆောက်ချင်လို့ အမေရိကန်လူမျိုးဝီလျံမော်ဂန်ရှူစတာ( William Morgan Shuster)ကို ဘဏ္ဍာရေးအကြံပေးခန့်လိုက်ပါတယ်။
ဝီလျံမော်ဂန်ရှူစတာဘဏ္ဍာရေးကို ကိုင်တွယ်ခိုင်းတဲ့အခါမှာ အခွင့်ထူးခံလူတန်းစားတွေနဲ့ ဩဇာရှိသူတွေက သူတို့အကျိုးစီးပွားထိခိုက်မှာစိုးလို့ အပြင်းအထန်ဆန့်ကျင်ခဲ့ကြပါတယ်။
ရုရှား၊ ဗြိတိန်ရဲ့ ဂုတ်သွေးစုတ်မှုတွေကိုလည်း ကိုင်တွယ်ဖို့ကြိုးစားတာဖြစ်လို့လည်း ရုရှား၊ဗြိတိန်က ဆန့်ကျင်မှုကိုခံရပါတယ်။
၁၉၁၁ ခုနှစ်မှာ ရုရှားနိုင်ငံက အီရန်အစိုးရကိုရာဇသံပေးခဲ့ပါတယ်။ အဓိကအချက်ကတော့ ဝီလျံမော်ဂန်ရှူစတာကို ရာထူးကနေချက်ချင်းထုတ်ပယ်ဖို့၊ လွှတ်တော်ပါလီမန်ကို ဆိုင်းငံထားဖို့ရာဇသံပေးလာပါတယ်။
ဝီလျံမော်ဂန်ရှူစတာဟာ အီရန်ရဲ့ဘဏ္ဍာရေးကို စနစ်တကျပြုပြင်ပြောင်းလဲပြီး ရုရှားရဲ့သြဇာလွှမ်းမိုးမှုကို တားဆီးဖို့ကြိုးစားခဲ့တာကြောင့် ရုရှားကသူ့ကိုမလိုလားတာပါ။
ရုရှားက ရာဇသံပေးရုံတင်မကဘဲ တီဟီရန်မြို့ကိုကျူးကျော်ဖို့ စစ်တပ်ပါစေလွှတ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ဒုတိယမြောက်လွှတ်တော်ကအမတ်တွေဟာ “ငါတို့ရဲ့လွတ်လပ်ရေးကို ငါတို့လက်နဲ့မဖျက်ဆီးနိုင်ဘူး။” ဆိုပြီး ရုရှားရဲ့တောင်းဆိုချက်ကို တညီတညွတ်တည်းငြင်းဆန်ခဲ့ကြပါတယ်။
အဲဒါဟာ အီရန်သမိုင်းမှာ အမတ်တွေရဲ့အလွန်ရဲရင့်တဲ့ ရပ်တည်ချက်အဖြစ်မှတ်တမ်းတင်ခံရပါတယ်။
လွှတ်တော်ကငြင်းဆန်နေပေမယ့် ရုရှားစစ်တပ်ကမြို့တော်နားထိ ရောက်လာတဲ့အခါမှာတော့ အီရန်အစိုးရအဖွဲ့ (Cabinet)ဟာ ကြောက်ရွံ့သွားပါတယ်။
အစိုးရအဖွဲ့ဟာ ရုရှားနဲ့ပူးပေါင်းပြီး လွှတ်တော်ကို အတင်းအဓမ္မပိတ်ပစ်လိုက်ပါတယ်။
၁၉၁၁ ခုနှစ်မှာအာဏာသိမ်းခံရပြီး လွှတ်တော်ချုပ်ငြိမ်းသွားခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက လွှတ်တော်ထဲကိုဝင်ရောက်ပြီး အမတ်တွေကိုအတင်းအကျပ်မောင်းထုတ်ခဲ့ပါတယ်။
အဲဒီနောက်မှာ သဘောထားတင်းမာတဲ့လစ်ဘရယ်အမတ်တွေနဲ့ တော်လှန်ရေးခေါင်းဆောင်တော်တော်များများဟာ ပြည်ပကိုပြေးကြရပါတယ်။
တချို့ကတော့ဖမ်းဆီးထောင်ချခံရပြီး တချို့ကတော့နိုင်ငံရေးလောကမှ အပြီးအပိုင်အနားပေးခံလိုက်ရပါတယ်။
သတင်းစာတွေကိုပိတ်ပစ်ခဲ့ပြီး လွတ်လပ်စွာပြောဆိုခွင့်တွေကိုလည်း ကန့်သတ်လိုက်ပါတယ်။
ဒုတိယလွှတ်တော်ပြိုကွဲသွားတာဟာ အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန်ရေးရဲ့ လက်တွေ့ကျကျနိဂုံးချုပ်သွားတာပါပဲ။
အဲဒီနောက်ပိုင်းမှာ အီရန်ဟာနိုင်ငံရေးအရအလွန်အားနည်းသွားပြီး ပထမကမ္ဘာစစ်အတွင်းမှာ နိုင်ငံခြားစစ်တပ်တွေရဲ့ နင်းခြေခြင်းကိုခံခဲ့ရပါတယ်။
ဒုတိယလွှတ်တော်(Second Majlis)ကို အတင်းအဓမ္မဖျက်သိမ်းလိုက်ပြီး ရုညရှားရဲ့ဖိအားကို အစိုးရကအရှုံးပေးလိုက်တဲ့အခါ အီရန်ပြည်သူတွေရဲ့ တုံ့ပြန်မှုဟာ ဒေါသ၊ ဝမ်းနည်းမှုနဲ့ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်မှုတွေ ရောပြွမ်းနေခဲ့ပါတယ်။
လွှတ်တော်ကိုပိတ်လိုက်ပြီဆိုတဲ့ သတင်းထွက်လာတဲ့အခါ တီဟီရန်မြို့နဲ့တခြားမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေချက်ညချင်းပေါ်ပေါက်လာပါတယ်။
အီရန်နိုင်ငံရေးမှာ အရေးပါတဲ့”Bazaar”(ဈေးသည်ကြီးများ)က သူတို့ရဲ့ဆိုင်တွေကိုပိတ်ပြီး အစိုးရနဲ့ရုရှားကို ဆန့်ကျင်ကြောင်းပြသခဲ့ပါတယ်။
အဲဒီအချိန်မှာထူးခြားတာက အီရန်အမျိုးသမီးတွေရဲ့ပါဝင်မှုပါ။ အမျိုးသမီးထောင်ပေါင်းများစွာဟာ လမ်းပေါ်ထွက်ပြီး”လွတ်လပ်မှုသို့မဟုတ်သေခြင်း” (Liberty or Death)ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။
တချို့အမျိုးသမီးတွေဆိုရင် လွှတ်တော်အမတ်တွေကိုတောင်”အရှုံးမပေးဖို့”သွားရောက်တိုက်တွန်းခဲ့ကြတာပါ။
ပြည်သူတွေဟာ လက်နက်နဲ့တိုက်ရိုက်တိုက်နိုင်ပေမဲ့ စီးပွားရေးအရတုံ့ပြန်ခဲ့ကြပါတယ်။
ရုရှားနဲ့ဗြိတိန်ကလာတဲ့ ကုန်ပစ္စည်းတွေကိုမသုံးစွဲဖို့ လူထုလှုပ်ရှားမှုတွေလုပ်ခဲ့ကြပါတယ်။
ရုရှားနိုင်ငံထုတ်အထည်အလိပ်တွေနဲ့ တခြားလူသုံးကုန်တွေကို သပိတ်မှောက်ခဲ့ကြတာဟာ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ကို အထင်အရှားပြသခဲ့တာပါ။
ဒါပေမယ့် ဒီဆန္ဒပြပွဲတွေဟာ ရုရှားစစ်တပ်ရဲ့ ခြိမ်းခြောက်မှုနဲ့ပြည်တွင်းအာညဏာပိုင်တွေရဲ့ နှိမ်နင်းမှုအောက်မှာကြာရှည်မခံခဲ့ပါဘူး။
ရုရှားစစ်တပ်က တီဟီရန်ကိုသိမ်းပိုက်ဖို့အဆင်သင့်ဖြစ်နေတာကြောင့် ပြည်သူတွေဟာ နောက်ဆုံးမှာတော့ အားကိုးရာမဲ့သလိုခံစားခဲ့ရပါတယ်။
လွှတ်တော်လည်း မရှိတော့၊ ခေါင်းဆောင်တွေလည်းပြေးကြရတဲ့အခါမှာတော့ ပြည်သူတွေကြားမှာမျှော်လင့်ချက်ကင်းမဲ့သွားပြီး”ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန်ရေး”ရဲ့ အရှိန်အဟုန်ဟာလည်း တဖြည်းဖြည်းမှေးမှိန်သွားခဲ့ပါတယ်။
အဲဒီလိုဖိနှိပ်ခံရမှုတွေကနေတဆင့် အီရန်ပြည်သူတွေထဲမှာ”ကိုယ်ပိုင်စစ်တပ်အားကောင်းမှဖြစ်မယ်”ဆိုတဲ့ အတွေးညအခေါ်တွေစိမ့်ဝင်လာခဲ့ပါတယ်။
အဲဒါဟာနောက်ပိုင်းမှာ စစ်ဗိုလ်ချုပ်ရာဇာခန်း Reza Khan အာဏာရလာဖို့အတွက် လမ်းခင်းပေးသလိုဖြစ်သွားခဲ့တာပါ။
စစ်ဗိုလ်ချုပ်ရာဇာခန်းဆိုတာကလည်း အခြားလူမဟုတ်ပါဘူး။
အီရန်ဘုရင်အဖြစ် တက်လှမ်းကာပါလဗီ(Pahlavi )မင်းဆက်ကို ထူထောင်သူပါပဲ။
ဆက်ရန်…
ကိုးကား…






