အရာတော်ကကျောင်းသားတွေကို အကြမ်းဖက်မှုအကြောင်းဆွေးနွေးပြီး တော်လှန်ရေးမှာပါဝင်ဖို့ တိုက်တွန်း
Border News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းက ပြည်သူ့အခြေပြုပညာရေးကျောင်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျောင်းသား၊ ကျောင်းသူတွေကို အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးတာနဲ့ တော်လှန်ရေးမှာပူးပေါင်းပါဝင်ဖို့ တိုက်တွန်းနှိုးဆော်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကလေးငယ်တွေနဲ့အတူ (Game) ကစားတာတွေအပြင် အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြတာပါ။ အဲဒီအပြင် လက်ရှိတော်လှန်ရေးခရီးကြမ်းမှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အားမလျှော့ဘဲဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း အဖွဲ့ဝင်တွေကတိုက်တွန်းပြောကြားခဲ့ပါတယ်။ အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို အညာဒေသမှာ တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။









