ခလယ်လွီထူမှာ လေကြောင်းတိုက်ခိုက်ခံရလို့ စာသင်ကျောင်းနဲ့နေအိမ်တွေပျက်စီး
Border News Agency ခလယ်လွီထူ၊ ဖေဖော်ဝါရီ ၁၈။ ကေအဲန်ယူ ခလယ်လွီထူခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် တဦးဒဏ်ရာရကာ နေအိမ်နဲ့စာသင်ကျောင်းတွေ ပျက်စီးခဲ့ပါတယ်။ ဆောထိမြို့နယ်အတွင်းကို ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၃ လုံးနဲ့ ပျဥ်ရင်ကျေးရွာက စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့ပါတယ်။ မူးမြို့နယ်အတွင်းမှာလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကော်မရှင်တပ်က လက်နက်ကြီးအလုံး ၂၀ ခန့် ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၈ နှစ်အရွယ် ရွာသားတဦးဒဏ်ရာ ရသွားခဲ့ပါတယ်။ လယ်ဒိုမြို့နယ်မှာလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဒရုန်းနဲ့လက်နက်ကြီးတွေသုံးပြီး ရေတွင်းကုန်းကျေးရွာကို ပစ်ခတ်ခဲ့လို့ နေအိမ်နဲ့ဂိုဒေါင်တွေ ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် တောင်ခင်ကျေးရွာနဲ့ ကြိတ်ကွေးကျေးရွာတွေကိုလည်း စက်တပ်လေထီးတွေနဲ့ ထပ်မံဗုံးကြဲခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၃ လုံး ထပ်မံပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းက ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။









