Shin Myat Phyu

Shin Myat Phyu

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပုတီးကုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး

Border News Agency ပဲခူး၊ ဖေဖော်ဝါရီ ၁၄။ ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၄ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီပုတီးကုန်းမြိုနယ်၊ ဘူးပြောကျေးရွာရှိ စစ်ကော်မရှင်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ ၉ ရက်၊ မနက် ၆ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ဘူးပြောကျေးရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး‌သေဆုံးသွားတဲ့အပြင် ဂိတ်စခန်းရှိဆိုင်ကယ်နှစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်တွေကို ပြည်သူ့ကာကွယ်ရေတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုနဲ့ ပြည်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၄၊ ဗျူဟာ ၂၁ တိုက်ခိုက်ရေးအဖွဲ့၊ ပြည်ခရိုင်တပ်ရင်း ၁၊ တပ်ရင်းရုံးတိုက်ခိုက်ရေးအဖွဲ့၊ တပ်ခွဲ ၁ တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Photo - Border Patrol Police Division 22

​ထိုင်း – ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ကျန်လက်နက်တွေကို  EOD အဖွဲ့ရှင်းလင်း

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၄။ ​ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ဒေသ၊ စီစခေးခရိုင် (Sisaket) အတွင်းမှာ ယခင်တိုက်ပွဲတွေတုန်းက မပေါက်ကွဲဘဲကျန်ရှိနေတဲ့ လက်နက်ကြီးကျည်တွေနဲ့ဗုံးသီးတွေကို ဒေသခံတွေဘေးကင်းစေဖို့အတွက် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPP) က ကွင်းဆင်းရှင်းလင်းပေးနေပါတယ်။ အထူးသဖြင့် ကန်ထရလတ်မြို့နယ်ကနယ်စပ်ကျေးရွာတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေအတွင်း မြေမြှုပ်နေတဲ့မိုင်းနဲ့ လက်နက်ကြီးကျည်တွေကို အမှတ် ၂၂ တပ်ရင်းမှ ဗုံးရှင်းလင်းရေး (EOD) အဖွဲ့က အဓိကရှာဖွေဖျက်ဆီးပေးနေတာ  ဖြစ်ပါတယ်။ အဲ​ဒီစစ်ဆင်ရေးဟာ တောင်သူတွေလယ်ယာစိုက်ပျိုးရေး ပြန်လည်စတင်ချိန်မှာ ထွန်ယက်စိုက်ပျိုးရင်း မတော်တဆပေါက်ကွဲမှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်ပေးတဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်လို့ သိရပါတယ်။ EOD အဖွဲ့က မပေါက်ကွဲသေးတဲ့ ပစ္စည်းတွေကိုရှာဖွေတွေ့ရှိတဲ့အခါမှာ ဘေးကင်းလုံခြုံရေး စံသတ်မှတ်ချက်တွေနဲ့အညီ စနစ်တကျဖျက်ဆီးတာ ဒါမှမဟုတ် သိမ်းဆည်းတာတွေကို တင်းကြပ်စွာဆောင်ရွက်နေပါတယ်။ ​အဲဒီအပြင် ဒေသခံတွေအနေနဲ့ သံသယဖြစ်ဖွယ်အရာဝတ္ထုတွေကိုတွေ့ရှိရင် ကိုယ်တိုင်ကိုင်တွယ်တာမျိုး မလုပ်ဘဲ အာဏာပိုင်တွေဆီ ချက်ချင်းသတင်းပို့ဖို့လည်း သတိပေးထားပါတယ်။ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အနေနဲ့ နယ်စပ်တစ်လျှောက်မှာ စစ်ကျန်လက်နက်တွေ လုံးဝကင်းစင်သွားအောင်နောက်တန်းနယ်မြေ လုံခြုံရေးစီမံချက်အရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားဆလန်ဂေါမှာ ဒရုန်းသုံး​ဝင်ရောက်စီးနင်းလို့ အထောက်အထားမဲ့ ၅၁ ဦးဖမ်းဆီးခံရ

Border News Agency  မလေးရှား၊ ဖေဖော်ဝါရီ ၁၄။ ​မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကာဂျမ်းမြို့ Sungai Long ဧရိယာမှာ ဖေဖော်ဝါရီလ ၁၃ ရက်ညနေပိုင်းက လူဝင်မှုကြီးကြပ်ရေးဌာနက အင်အားသုံးဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ တရားမဝင်နေထိုင်သူတွေ ထွက်ပြေးပုန်းအောင်းလို့မရအောင် ဒရုန်းနည်းပညာကိုအသုံးပြုပြီး  ကောင်းကင်ယံကနေပါခြေရာခံ ရှာဖွေစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ​အဲဒီ​စစ်ဆေးမှုအတွင်း လူဦးရေ ၄၆၀ ကျော်ကို တားဆီးစစ်ဆေးခဲ့ရာမှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား ၅၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေဟာ ပတ်စပို့စ်မရှိသူတွေ၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူ (Overstay) တွေနဲ့ ပါမစ်နေရာလွဲပြီး လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ မလေးရှားလူဝင်မှူကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးခံရသူ ၅၁ ဦးလုံးကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေး  ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်။ မလေးရှားရောက် မြန်မာလုပ်သားတွေအနေနဲ့လည်း အခုလိုရှောင်တခင်စစ်ဆေးမှုတွေရှိနေတာကြောင့် သွားလာနေထိုင်ရာမှာ အထောက်အထားတွေကို အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ - ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီ

​ရေစကြိုမှာ စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူ ၄ ဦးဒဏ်ရာရ

Border News Agency ​မကွေး၊ ဖေဖော်ဝါရီ ၁၄။ ​မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်း၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားတယ်လို့ ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီက ထုတ်ပြန်ပါတယ်။ အဲဒီရေလယ်ကျွန်းဒေသ၊ ငတရော်ရွာနဲ့ဝါဘိုးရွာကို ​ဖေဖော်ဝါရီလ ၁၃ ရက်၊ မနက်ပိုင်းက စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ တောင်ယာလုပ်နေတဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ​အဲဒီနောက် နေ့လည်ပိုင်းမှာလည်း စက်တပ်လေထီး (Paramotor) နဲ့တိုက်ခိုက်ခဲ့တာကြောင့် ငတရော်ရွာကဘုန်းကြီးကျောင်းတကျောင်းနဲ့ မိုးဖြူရွာကနေအိမ်တလုံးပျက်စီးခဲ့ပြီး နောက်ထပ်အရပ်သားတဦး ဒဏ်ရာရခဲ့ပါတယ်။ ​အဲဒီအပြင် အင်အား ၁၅၀ ခန့်ပါတဲ့ တပ်မ ၉၉ စစ်ကြောင်းဟာ ရေစကြိုမြို့နယ်ထဲကိုရောက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကြောင်းအန္တရာယ်အပြင် လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုပါ အထူးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

Photo - လူမှုကွန်ရက်

ပိုက်ဆံပန်းစည်းကြောင့် ငွေစက္ကူတွေပျက်စီးနိုင်တယ်လို့ အာဖရိကဗဟိုဘဏ်တွေ သတိပေး

Border News Agency ​အာဖရိက၊ ဖေဖော်ဝါရီ ၁၄။ ​ဇင်ဘာဘွေနိုင်ငံကနေစတင်ခဲ့တဲ့ ပန်းအစစ်တွေအစား ငွေစက္ကူတွေကိုပန်းစည်းလုပ်ပြီး လက်ဆောင်ပေးတဲ့ "Money Bouquet" ရေပန်းစားမှုဟာ အာဖရိကတိုက်ကတခြားနိုင်ငံတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာဘဏ္ဍာရေးစနစ်အပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် နိုင်ငံအတော်များများက ဗဟိုဘဏ်တွေက စိုးရိမ်မကင်းဖြစ်ပြီး သတိပေးချက်တွေထုတ်ပြန်လာကြပါတယ်။ ​ဒီ Trend ဟာ TikTok လိုလူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် လူငယ်တွေကြားမှာ အရှိန်အဟုန်နဲ့ပြန့်နှံ့လာတာပါ။ ပိုက်ဆံပန်းစည်းတွေဟာ လှပရုံတင်မကဘဲ လက်တွေ့လည်းအသုံးချလို့ရတဲ့ လက်ဆောင်ဖြစ်တယ်လို့ယူဆကြတာကြောင့် ပိုပြီးလူကြိုက်များလာတာ ဖြစ်ပါတယ်။ ​ဒါကြောင့် ကင်ညာ၊ ယူဂန္ဓာ၊ ရဝမ်ဒါ၊ ဘော့ဆွာနာနဲ့ နမီးဘီးယားနိုင်ငံတို့က ဗဟိုဘဏ်တွေကငွေစက္ကူတွေကို ပန်းစည်းပြုလုပ်ရာမှာ ဖျက်ဆီးသလိုဖြစ်နေတာ ဒါမှမဟုတ် ပျက်စီးစေတာမျိုးတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို သတိပေးခဲ့ပါတယ်။ ​ကင်ညာဗဟိုဘဏ် (CBK) ရဲ့ ထုတ်ပြန်ချက်အရ ပိုက်ဆံပန်းစည်းတွေလုပ်တဲ့အခါ ငွေစက္ကူတွေကိုကော်တွေ၊ တိပ်တွေ၊ စတေပလာတွေနဲ့ ရိုက်တာ၊ ဒါမှမဟုတ် အပ်ချိတ်တွေနဲ့ ထိုးတာမျိုးတွေလုပ်နေကြတာကြောင့် ငွေစက္ကူတွေအဆမတန် ပျက်စီးနေရတယ်လို့ ဆိုပါတယ်။ ​ဒါ့အပြင် ဒီလိုမျိုးပျက်စီးသွားတဲ့ ငွေစက္ကူတွေကို ATM စက်တွေနဲ့ ငွေရေတွက်စက်တွေက လက်မခံဘဲငြင်းပယ်လေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီလို သတ်မှတ်သက်တမ်းမပြည့်ခင် ငွေစက္ကူတွေပျက်စီးသွားလို့ စနစ်အတွင်းကဖယ်ရှားပြီး အသစ်ပြန်ရိုက်နေရတာဟာ ကုန်ကျစရိတ်ကို မြင့်မားစေပါတယ်။ နောက်ဆုံးမှာတော့ အခွန်ထမ်းပြည်သူတွေအတွက်သာ ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ ဗဟိုဘဏ်တွေကသတိပေးထားပါတယ်။

Photo - AFP

မတ်ဒါဂတ်စကာမှာ အင်အားပြင်းဆိုင်ကလုန်း Gezani တိုက်ခတ်လို့ လူ ၃၀ ကျော်သေဆုံး

Border News Agency  အန်တာနာနာရီဗို၊ ဖေဖော်ဝါရီ ၁၄။ ​အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတခုဖြစ်တဲ့ မတ်ဒါဂတ်စကာ (Madagascar) မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း "Gezani" ဝင်ရောက်တိုက်ခတ်တာကြောင့် လူ ၃၅ ဦးထက်မနည်းသေဆုံးပြီး အိုးအိမ်နဲ့အခြေခံအဆောက်အအုံတွေ အများအပြားပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ​ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မတ်ဒါဂတ်စကာရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ တိုအာမာစီနာ (Toamasina) မြို့အနီးကို တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) နှုန်းရှိတဲ့ လေပြင်းတွေနဲ့အတူ မုန်တိုင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ​မတ်ဒါဂတ်စကာ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံး (BNRGC) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူ ၃၅ ဦးအထိရှိလာပြီး လူ ၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၃၇၄ ဦးရှိနေပြီး၊ နေအိမ်ပျက်စီးသွားတဲ့ လူပေါင်း ၈,၈၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းပေးထားရပါတယ်။ ​ဒီမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်နေပြီး မြို့အများစုမှာလျှပ်စစ်မီးနဲ့ သောက်သုံးရေစနစ်တွေ ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပြိုကျနေတဲ့အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နေကြသလို ယာယီစခန်းတွေမှာလည်း စားနပ်ရိက္ခာတွေဖြန့်ဝေပေးနေပါတယ်။ ​မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်ရှိနေဦးမှာဖြစ်လို့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးတာနဲ့မြေပြိုတဲ့အန္တရာယ်ကို သတိထားကြဖို့ထုတ်ပြန်ထားပါတယ်။ ​စီးပွားရေးအရလည်း မုန်တိုင်းဒဏ်သင့်ဒေသက ဗနီလာ (Vanilla) နဲ့ လေးညှင်းစိုက်ခင်းတွေ ပျက်စီးသွားတာကြောင့် အတော်လေးဆုံးရှုံးမှုဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ UNICEF နဲ့ ကြက်ခြေနီအဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းတွေက မုန်တိုင်းသင့်ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ပြင်ဆင်နေကြပါတယ်။

ကိုးကား - News Loei Online အမှတ် ၂၈ စစ်ဒေသဌာနချုပ် (MTB 28)

​တောမီးနဲ့ PM 2.5 အန္တရာယ်ကာကွယ်ဖို့ စစ်တပ်နဲ့ဌာနဆိုင်ရာတွေပူးပေါင်းပြီး မီးတားလမ်းဖောက်လုပ်

Border News Agency  ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၄။ ​ထိုင်းနိုင်ငံ၊ လွယ်ခရိုင်ရှိ ဖူးစနောင်း (Phu Sanao) တောင်ကုန်းနယ်မြေမှာ နွေရာသီတောမီးလောင်ကျွမ်းမှုအန္တရာယ်ကို  ကြိုတင်ကာကွယ်ဖို့နဲ့ မီးခိုးငွေ့ညစ်ညမ်းမှုကိုလျှော့ချနိုင်ဖို့အတွက် အမှတ် ၂၈ စစ်ဒေသဌာနချုပ် (MTB 28) က ဦးဆောင်ပြီး မီးတားလမ်းဖောက်လုပ်တာနဲ့ တောမီးထိန်းချုပ်ရေးလုပ်ငန်းတွေကို ဖေဖော်ဝါရီလ ၁၃ ရက်၊ မနေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို ဗိုလ်ချုပ်ပရာဆတ် ဆင်းခွန်ခေียว (Maj . Gen. PrasertSingkhonkheiao) က အနီးကပ်ညွှန်ကြားခဲ့တာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးစင်တာကတပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အရပ်ဘက်ဌာနဆိုင်ရာတွေက စုစုပေါင်းအင်အား ၁၁၃ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြတာပါ။ ​တောမီးစတင်ကူးစက်နိုင်ခြေမြင့်မားတဲ့ အမှတ် ၃ မီးတားလမ်းအချာချနဲ့ ကမ်လန်းအက် (Kamlang-ek) ဂေါက်ကွင်း ခြံစည်းရိုးကနေ ဟွေ့နွိုင်း (Huai Noi) ဆည်အထိ စုစုပေါင်းအကွာအဝေး ၁,၅၀၀ မီတာကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး မီးတားလမ်း (Firebreak) ဖောက်လုပ်ခဲ့ကြပါတယ်။ ​အဲဒီလို မီးတားလမ်းဖောက်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ တောမီးလောင်ခဲ့ရင် စိုက်ပျိုးရေးမြေတွေ၊ လူနေရပ်ကွက်တွေနဲ့ သဘာဝတောတောင်တွေထဲကို မီးကူးစက်ပျံ့နှံ့မသွားအောင် တားဆီးဖို့ပဲဖြစ်ပါတယ်။ ​ဒါ့အပြင် တောမီးကြောင့်ဖြစ်ပေါ်လာတဲ့ PM 2.5 ဖုန်မှုန့်နဲ့ မီးခိုးငွေ့ပြဿနာတွေကိုလျှော့ချပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်ဖို့အတွက်လည်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဒေသခံပြည်သူတွေအနေနဲ့ တောမီးရဲ့ဆိုးကျိုးတွေကို သိရှိနားလည်လာပြီး တောမီးရှို့တဲ့အလေ့အထတွေကို ရပ်တန့်သွားစေဖို့ရည်ရွယ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဘူရပါစစ်ကြောင်း (Burapa Force)  ထိုင်းဘုရင့်တပ်မတော် (Royal Thai Army)

နယ်စပ်ဖြတ်ကျော်အွန်လိုင်းလောင်းကစား အက်ဒမင် ၁၂ ဦးနဲ့အတူ ဖုန်း ၆၃ လုံး သိမ်းဆည်းရမိ

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၄။ ​ထိုင်း - ကမ္ဘောဒီးယားနယ်စပ်၊ ဆာကေအိုခရိုင်မှာ တရားမဝင်လမ်းကနေခိုးဝင်လာတဲ့ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက် အက်ဒမင် (Admin) ၁၂ ဦးကို ထိုင်းနိုင်ငံဘူရပါစစ်ကြောင်း (Burapa Force) က ဖမ်းဆီးရမိခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။ ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဘူရပါစစ်ကြောင်းရဲ့လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ အရညပရာတက် အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ အမှတ် ၁၂ ခြေလျင်တပ်ရင်းတို့ နယ်စပ်တစ်လျှောက် ကင်းလှည့်နေစဉ်အတွင်း ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ​အရညပရာတက်မြို့နယ်၊ ကလောင်နမ်ဆိုင်ကျေးရွာအနီးက တောလမ်းအတိုင်းလူတစုခိုးဝင်လာတာကို တွေ့ရှိလို့စစ်ဆေးရာကနေ အမျိုးသမီး ၂ ဦး အပါအဝင် သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။ အဲဒီဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား ၈ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ ထိုင်ဝမ်နိုင်ငံသား ၁ ဦးတို့ ပါဝင်ပါတယ်။ ​အဲဒီနောက် သူတို့ရဲ့ခရီးဆောင်အိတ်တွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ  အသုံးပြုတဲ့လက်ကိုင်ဖုန်း ၆၃ လုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီ​ဖမ်းဆီးခံရသူတွေဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာရှိတဲ့ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်တွေမှာ အက်ဒမင်တွေအဖြစ် လုပ်ကိုင်ခဲ့သူတွေလို့ သိရပါတယ်။ သူတို့ဟာ နေရပ်ပြန်ဖို့အတွက် ထိုင်းနိုင်ငံဘက်ကိုတရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာဖြစ်ကြောင်း ဝန်ခံထားကြပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးရမိသူ ၁၂ ဦးလုံးကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ဖို့အတွက် ကလောင်နမ်ဆိုင် (Khlong Nam Sai) ရဲစခန်းကိုလွှဲပြောင်းပေးထားပြီး အမှုဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Photo - The Reporters

​ကိုးရတ်တောမီးကို ဟယ်လီကော်ပတာတွေနဲ့ အရေးပေါ်ငြှိမ်းသတ်ဖို့ ဝန်ကြီးအမိန့်ပေး

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၄။ ​ထိုင်းနိုင်ငံ၊ ကိုးရတ် (နခွန်ရာချစီမာ) ခရိုင်ထဲက စကေးရတ် (Sakaerat) သဘာဝပတ်ဝန်းကျင် သုတေသနနယ်မြေမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းနေပါတယ်။ အဲဒါကြောင့် ဒုတိယဝန်ကြီးချုပ်နဲ့ သယံဇာတပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး နိုင်းဆုချတ်ချွန်ကလင်းက လေကြောင်းကနေ အရေးပေါ်ရေပက်ငြှိမ်းသတ်ဖို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အဲ​ဒီတောမီးကိုအမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် ဝမ်နမ့်ခေမြို့နယ်၊ ဘန့်ဝမ်နမ့်ခေ ကျောင်းမှာ "တောမီးငြှိမ်းသတ်ရေး ကွပ်ကဲမှုစင်တာ" ကို ချက်ချင်းဖွင့်လှစ်ခဲ့ပြီး၊ နခွန်ရာချစီမာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး နိုင်းဝိကျစ်ကွစ်ဝိရတ်က တာဝန်ယူ ကြီးကြပ်နေတာပါ။ အဲဒီတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ ဟယ်လီကော်ပတာနဲ့ ကွင်းဆင်းစစ်ဆေးကြည့်တဲ့အခါမှာတော့ မီးဟာအင်တိုင်းတောထဲက ခြောက်သွေ့နေတဲ့မြက်ပင်တွေနဲ့ ဝါးရုံတွေကြားထဲ ကူးစက်လောင်ကျွမ်းနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် ဝန်ကြီးဌာနပိုင်လေယာဉ်တွေနဲ့ မီးလောင်ရာနေရာကို အကြိမ်ပေါင်း ၁၀ ကြိမ်ထက်မနည်း ပျံသန်းပြီး ရေပက်ဖျန်း ငြှိမ်းသတ်ခဲ့ပါတယ်။ အဲ​ဒီလို လေကြောင်းကနေငြှိမ်းသတ်မှုကြောင့် မီးအရှိန်သိသိသာသာလျော့ကျသွားပေမယ့် လုံးဝငြိမ်းသွားတာမျိုးတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ဒီနေ့၊ မနက် ၈ နာရီခွဲမှာလေကြောင်းကနေထပ်မံစစ်ဆေးပြီး မီးလုံးဝငြှိမ်းသတ်နိုင်တဲ့အထိ ထိရောက်တဲ့စစ်ဆင်ရေးတွေကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ​ဝန်ကြီးနိုင်းဆုချတ်ကတော့ သဘာဝသယံဇာတတွေကိုကာကွယ်ဖို့နဲ့ ပြည်သူတွေမီးခိုးငွေ့ဒဏ်မခံရအောင် ဌာနဆိုင်ရာအားလုံးပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်ကြဖို့ အလေးအနက်မှာကြားထားပါတယ်။ ​

ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း

​နောင်ချိုမှာ ကြံခုတ်ရင်းကြိုးမိုင်းနင်းမိလို့ ကလေးတဦးအပါအဝင် အမျိုးသမီး ၄ ဦး ဒဏ်ရာရ

Border News Agency  နောင်ချို၊​ ဖေဖော်ဝါရီ ၁၃။ ​ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကြံခုတ်နေတဲ့ ဒေသခံအမျိုးသမီးတွေ ကြိုးမိုင်းနင်းမိပြီး ကလေးငယ်တဦးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။  အဲဒီနောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာအနီးက ကြံခင်းတခုမှာ ​ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၈ နာရီအချိန်ခန့်က ကြံခုတ်နေစဉ် မိုင်းပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုပေါက်ကွဲလို့ အသက် ၈ နှစ်အရွယ် မယွန်းဝတီအပါအဝင်အသက် ၂၇ နှစ်ကနေ ၄၃ နှစ်ကြားရှိတဲ့ အမျိုးသမီး ၄ ဦး မိုင်းစထိမှန်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ​ဒဏ်ရာရသူတွေထဲကတဦးဟာ ညာဘက်ခြေသလုံး အရိုးထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံတက်ကုသနေရပြီး ကျန်တဲ့သူတွေကတော့ အပြင်ပိုင်းဒဏ်ရာတွေရသွားတာလို့ ဆိုပါတယ်။ ​အဲဒီမိုင်းပေါက်ကွဲတဲ့နေရာဟာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ သွားလာလှုပ်ရှားခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Page 14 of 38 1 13 14 15 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here