Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၃။ ထိုင်းနိုင်ငံ၊ စံထဘူရီခရိုင် (Chanthaburi) နယ်စပ်မှာ တရားမဝင်ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၁၂ ဦးနဲ့အတူ သူတို့ကိုပို့ပေးတဲ့ ထိုင်းနိုင်ငံသား ၂ ဦးကို ဖုန်း ၄၄ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးဗဟိုရဲတပ်ဖွဲ့ (CIB) က ဖေဖော်ဝါရီ ၁၂ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီစံထဘူရီခရိုင်၊ စွယ်ဒေါမြို့နယ် (Soi Dao) အတွင်းရှိအဝေးပြေးလမ်းမတခုမှာ အဝေးပြေးရဲတပ်ဖွဲ့ (Highway Police) က မော်တော်ယာဉ်တွေကို စစ်ဆေးရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိချိန်မှာ တရုတ်နိုင်ငံသား ၁၂ ဦးနဲ့အတူ သူတို့ကိုကားနဲ့သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။ သူတို့နဲ့အတူ လက်ကိုင်ဖုန်း ၄၄ လုံးကိုပါသိမ်းဆည်းရမိခဲ့ပြီး အဲဒီဖုန်းတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Gang) လုပ်ငန်းတွေအတွက် အသုံးပြုတဲ့ဖုန်းတွေဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ကသုံးသပ်ထားပါတယ်။ အဲဒီဖမ်းဆီးခံရသူတွေထဲက ထိုင်းနိုင်ငံသား ၂ ဦးကို တရားမဝင် ဝင်ရောက်လာသူတွေကို ကူညီပို့ဆောင်ပေးမှုနဲ့ စွဲချက် တင်ထားပြီး တရုတ်နိုင်ငံသား ၁၂ ဦးကိုတော့ ခွင့်ပြုချက်မရှိဘဲနိုင်ငံအတွင်း တရားမဝင်ခိုးဝင်လာမှုနဲ့ အရေးယူထားပါတယ်။ ထိုင်းနိုင်ငံနယ်စပ်နဲ့ မြို့ကြီးတွေမှာဖေဖော်ဝါရီလ ပထမနှစ်ပတ်အတွင်းမှာပဲ အွန်လိုင်းရာဇဝတ်မှုတွေနဲ့ဆက်နွှယ်တဲ့ တရုတ်နိုင်ငံသားဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိနေခဲ့ပါတယ်။ အဲဒီတရားခံတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေတဆင့် ထိုင်းနိုင်ငံအတွင်းကို တောလမ်းကနေခိုးဝင်လာကြပြီး နည်းပညာပစ္စည်းတွေနဲ့အတူ အခြားဒေသတွေကို ဆက်လက်သွားရောက်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတစ်ဝှမ်းမှာ တရားမဝင်ဝင်ရောက်မှုနဲ့ အွန်လိုင်းရာဇဝတ်မှုတွေကြောင့် ဖမ်းဆီးခံရတဲ့တရုတ်နိုင်ငံသား စုစုပေါင်း ၃၀ ဦးထက်မနည်း ရှိနေပြီလို့ CIB ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိမှာရဲတပ်ဖွဲ့အနေနဲ့ သိမ်းဆည်းရမိတဲ့ ဖုန်းတွေကိုစစ်ဆေးနေပြီး နောက်ဆက်တွဲအွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ဆက်လက်ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။
Border News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ၇ ဦးအနိုင်ရရှိပြီး လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ တရားမဝင်မဲရလဒ်တွေအရ သိရပါတယ်။ အမတ်နေရာအများစုကို အပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်ဖို့ သေချာနေတဲ့ Bangladesh Nationalist Party (BNP) က အမျိုးသမီးကိုယ်စားလှယ် ၆ ဦးဟာ ပါတီရဲ့ စပါးနှံတံဆိပ်နဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ အသီးသီး အနိုင်ရခဲ့ကြတာပါ။ အနိုင်ရရှိခဲ့တဲ့ BNP အမျိုးသမီးကိုယ်စားလှယ်တွေကတော့ Manikganj - 3 မဲဆန္ဒနယ်က Afroza Khan Rita၊ Jhalokati - 2 က Israt Sultana Elen Bhutto၊ Sylhet - 2 က Tahsina Rushdir Luna၊ Faridpur - 2 က Shama Obaid၊ Faridpur - 3 က Nayab Yusuf Kamal နဲ့ Natore - 1 က Farzana Sharmin Putul တို့ပဲ ဖြစ်ပါတယ်။ အဲဒီအပြင် BNP ပါတီကနေ အရင်ကထုတ်ပယ်ခံထားရတဲ့ Barrister Rumin Farhana ဟာလည်း Brahmanbaria - 2 မဲဆန္ဒနယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသွားခဲ့တာကြောင့် စုစုပေါင်းအမျိုးသမီး ၇ ဦး လွှတ်တော်တက်ခွင့် ရရှိမှာဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ရလဒ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရေတွက်မှုတွေအပြီး ထွက်ပေါ်လာတဲ့ အကြိုရလဒ်တွေ ဖြစ်ပါတယ်။
Border News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာ တန်ဂေးလ် (Tangail) ခရိုင်က အမတ်နေရာ ၈ ခုစလုံးကို Bangladesh Nationalist Party (BNP) ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တဦးက အနိုင်ရရှိသွားပါတယ်။ အဲဒီရလဒ်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်၊ ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်အချိန်မှာ ခရိုင်ရွေးကောက်ပွဲအရာရှိ ရှာရီဖာဟတ်ခ်က တရားဝင်ထုတ်ပြန်လိုက်တာပါ။ တန်ဂေးလ်ခရိုင်အတွင်းက မဲဆန္ဒနယ် ၈ ခုစလုံးမှာ BNP ပါတီက ကိုယ်စားလှယ် ၇ ဦး အနိုင်ရခဲ့ပြီး ကျန်တဲ့တနေရာမှာတော့ BNP ကပဲ တစ်သီးပုဂ္ဂလအဖြစ် ခွဲထွက်ယှဉ်ပြိုင်တဲ့ကိုယ်စားလှယ်က အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီ တန်ဂေးလ် - ၁ မှာ Fakir Mahbub Anam၊ တန်ဂေးလ် -၂ မှာ Abdus Salam Pintu၊ တန်ဂေးလ် - ၃ မှာ တစ်သီးပုဂ္ဂလ လွတ်ဖာရာမန်ခန်းအာဇတ် (Lutfar Rahman Khan Azad)၊ တန်ဂေးလ် - ၄ မှာ Lutfar Rahman Matin တို့က နယ်မြေအလိုက်အနိုင်ရသူတွေ ဖြစ်ပါတယ်။ အဲဒီအပြင် တန်ဂေးလ် - ၅ (Sadar) မှာ BNP ဗဟိုပြန်ကြားရေးအတွင်းရေးမှူး Sultan Salahuddin၊ တန်ဂေးလ် - ၆ မှာ Rabiul Awal Lavlu၊ တန်ဂေးလ် - ၇ မှာ Abdul Kalam Azad နဲ့ တန်ဂေးလ် - ၈ မှာ Ahmed Azam Khan တို့က မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ BGB တပ်ဖွဲ့ဝင် ၁၉,၀၀၀ ကျော်ကို အသုံးပြုခဲ့ပါတယ်။ တန်ဂေးလ်ခရိုင်တခုလုံးမှာ မဲဆန္ဒနယ် ၈ ခုအတွက် ကိုယ်စားလှယ် ၄၇ ဦး ယှဉ်ပြိုင်ခဲ့ကြပြီး မဲပေးသူ ၆၀ ရာခိုင်နှုန်းဝန်းကျင် ရှိခဲ့တယ်လို့လည်း သိရပါတယ်။
Border News Agency ကျောက်တော်၊ ဖေဖော်ဝါရီ ၁၃ ။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်နဲ့မြောက်ဦးမြို့တွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ၃ လသားအရွယ်ကလေးငယ်တဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရသွားပါတယ်။ အဲဒီကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်နဲ့ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်က ဝေသာလီဟိုတယ်အနီးကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ည ၉ နာရီကျော်အချိန်မှာ စစ်ကော်မရှင်တပ်လေကြောင်းမှ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျောက်တော်မြို့မှာ ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သလို၊ မြောက်ဦးမြို့မှာလည်း ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှအသက် ၂၃ နှစ်အရွယ် ဦးဆန်းဝင်းနဲ့ အသက် ၃၁ နှစ်အရွယ် ကိုညီချေတို့လည်းသေဆုံးသွားခဲ့ပါတယ်။ အဲဒီအပြင် ပိုက်သည်ရပ်ကွက်ကို စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင်လာတဲ့ အသက် ၆၁ နှစ်အရွယ် ဒေါ်မစောလှ၊ အသက် ၅၃ နှစ်အရွယ်ဒေါ်အေးနုတို့ သေဆုံးသွားခဲ့ပါတယ်။ မြောက်ဦးမြို့မှာလည်း စစ်တွေ၊ ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင်လာကြတဲ့ မိသားစုဝင်တွေဖြစ်တဲ့ ကိုအောင်လင်းစိုး၊ ဒေါ်သန္ဒာစိုးနဲ့ သူတို့ရဲ့ ၃ လသားအရွယ်သားမောင်အောင်လင်းဟိန်းတို့ သေဆုံးသွားခဲ့ရတာပါ။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်လိုက်နေတာကြောင့် အရပ်သားတွေ နေ့စဥ်သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။
Border News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ကျောက်တော်မြို့တွေကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့ ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ စစ်ကော်မရှင်တပ် လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ "နှစ်လုံးချတာပဲ ကြားရတယ်။ ည ၉ နာရီ ၂၅ မိနစ်လောက်မှ လေယာဉ်ပြန်ထွက်သွားတာ။ ဗုံးခိုကျင်းမရှိတော့ ကြောက်လွန်းလို့ကုတင်အောက်တွေမှာပဲ ဝင်ပုန်းနေကြရတယ်။" လို့ မြောက်ဦးဒေသခံတဦးက Border News Agency ကိုပြောပါတယ်။ လက်ရှိမှာ လေယာဉ်ပြန်ထွက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေကတော့ ထပ်ပြီးတိုက်ခိုက်ခံရမှာကိုစိုးရိမ်ပြီး ထိတ်လန့်နေကြရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။
Border News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရာဂါမာတီ(Rangamati) ခရိုင်၊ ဂါဂရာ (Ghagra) ယူနီယံရှိ ကတ်ရှ်ခါလီအစိုးရမူလတန်းကျောင်း မဲရုံသို့ မဲပေးဖို့သွားတဲ့လမ်းမှာ ဒေသခံလူမျိုးစုဝင်အချို့ကို BNP ပါတီဝင်တွေကဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်ခံရသူတွေမှာ ကတ်ရှ်ခါလီနဲ့ဒိုလူပါရာ (Dolupara) ကျေးရွာများမှ မရာမာလူမျိုးနဲ့ ချက္ကမလူမျိုးတွေဖြစ်ကြတယ်လို့ သိရပါတယ်။ သူတို့ကို BNP ပါတီဝင်တွေနဲ့ထောက်ခံသူတွေက လမ်းမှာတားဆီးကာ အုပ်စုဖွဲ့ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမရာမာနဲ့ ချက္ကမလူမျိုးတွေဖြစ်တဲ့ သွေခရိုမာရ်မာ၊ ရွေရှီးမားမာရ်မာ၊ ချန်ဒရာဒန်ချက္ကမ၊ ပရာတီမွိုင်ချက္ကမနဲ့ မီကာချက္ကမ တို့ဒဏ်ရာရသွားခဲ့ကြတာဖြစ်ပါတယ်။ ပါမောက္ခ မိုဟာမက်ယူနွတ်စ်ရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပေမယ့် စစ်တကောင်းတောင်တန်းဒေသရှိ လူမျိုးစုဝင်တွေအတွက် ဘေးကင်းလုံခြုံစွာမဲပေးနိုင်ဖို့စိန်ခေါ်မှုများစွာ ရှိနေတာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ မဲပေးပိုင်ခွင့်ကိုဟန့်တားတာဖြစ်သလို တောင်တန်းဒေသရှိ လူမျိုးစုတွေအပေါ် ဖိနှိပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့လည်းဝေဖန်ပြောဆိုနေကြပါတယ်။ ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်း ခုလိုမျိုးတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် အဲဒီမဲရုံနဲ့အနီးတစ်ဝိုက်မှာ စိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်နေကြပါတယ်။
Border News Agency မကွေး၊ ဖေဖော်ဝါရီ ၁၂။ ဒီနေ့ကျရောက်တဲ့ ၇၉ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကသဝဏ်လွှာတစောင် ပေးပို့လိုက်ပါတယ်။ အဲဒီထဲမှာ အာဏာရှင်စနစ်ကိုအမြစ်ပြတ်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် "ပင်လုံစိတ်ဓာတ်" နဲ့ အရှိန်အဟုန်မြှင့် တော်လှန်ကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးကိုအခြေခံတဲ့ ပင်လုံစိတ်ဓာတ်နဲ့ လွတ်လပ်ရေးကို စည်းစည်းလုံးလုံး အရယူခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးကတည်းက အစိုးရအဆက်ဆက်နဲ့အထူးသဖြင့် စစ်အာဏာရှင်တွေဟာ ပင်လုံကတိကဝတ်တွေနဲ့ ပင်လုံစိတ်ဓာတ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ပျက်ကွက်ခဲ့တာတွေကြောင့်ပဲ ပြည်တွင်းစစ်မီးတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပွားပြီး တိုင်းပြည်ဟာဒီနေ့အထိ ဘက်ပေါင်းစုံက ဆုတ်ယုတ်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချိန်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ဖိနှိပ်မှုတွေကို တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးက တစည်းတလုံးတည်း တော်လှန်နေကြတဲ့အချိန်ဖြစ်တယ်လို့ NUG က ဆိုပါတယ်။ နွေဦးတော်လှန်ရေးမှာပါဝင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်သူတရပ်လုံးဟာ ဖက်ဒရယ်ဒီမိုကရေစီ ရည်မှန်းချက်တွေအတွက် သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြတာလို့လည်း ဆိုပါတယ်။ NUG အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူယုံကြည်မှု၊ လေးစားမှုတွေနဲ့လက်တွဲဆောင်ရွက်နေပြီး စစ်အာဏာရှင်စနစ်တင်မကဘဲ အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေးကို အလေးအနက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအပြင် လူမျိုးကြီးဝါဒနဲ့ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒတွေကိုပါ တိုက်ဖျက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီးကို တည်ဆောက်နိုင်ဖို့အတွက် စစ်ရေးရော နိုင်ငံရေးအရပါ ဟန်ချက်ညီညီနဲ့ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
Border News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်၊ လေးမြို့မြစ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ကလေးငယ်တဦး ရေနစ်သေဆုံးတယ်လို့ သိရပါတယ်။ အဲဒီမင်းပြားမြို့နယ်၊ ဆပ်ကျာ (မူဆလင်) ကျေးရွာမှ ဦးအာဘူလုရဲ့သား အသက်ရှစ်နှစ်အရွယ် မာမတ်ခါးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဆပ်ကျာ (မူဆလင်) ကျေးရွာနေ မာမတ်ခါးဟာ မိဘတွေအလုပ်သွားနေချိန် ရွာအရှေ့ဘက်ရှိ လေးမြို့မြစ်ကမ်းစပ်မှာ တဦးတည်းရေချိုးနေချိန် ရေနစ်မြုပ်သွားတာလို့ ဒေသခံတွေက ဆိုကြပါတယ်။ ရေနစ်မြုပ်သွားပြီးနောက် ဒေသခံတွေချက်ချင်းရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပေမယ့် မာမတ်ခါးကို အသက်မကယ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ရေနစ်သေဆုံးသွားတဲ့ မာမတ်ခါးရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ ညနေပိုင်းမှာမိသားစုဝင်တွေနဲ့ ရွာသားတွေကသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ခြောက်နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ချောင်းဖြတ်ကူးတဲ့အချိန် ရေနစ်သေဆုံးခဲ့ပါတယ်။ အဲဒီကင်းချောင်းရွာမှ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ကိုစံလှဖြူ နဲ့ အသက်ခြောက်နှစ်အရွယ် မောင်ခိုင်မြတ်လင်းတို့ ရေနစ်သေဆုံးခဲ့တာပါ။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်က ကလေးငယ်တွေကို မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက်ပိုပြီးဂရုစိုက်ကြည့်ရှုကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Border News Agency ဒါကာ၊ ဖေဖော်ဝါရီ ၁၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကအကြံပေးပုဂ္ဂိုလ် (ယာယီအစိုးရအကြီးအကဲ) ပရော်ဖက်ဆာမိုဟာမက်ယူနွတ်စ်ဟာ ဒီနေ့မနက်ပိုင်းက ဒါကာမြို့ရှိ Gulshan Model School & College မဲရုံမှာ ကိုယ်တိုင်မဲပေးခဲ့ပါတယ်။ မဲပေးပြီးနောက်မှာတော့ ပရော်ဖက်ဆာယူနွတ်စ်ဟာ ဒါကာမြို့အတွင်းရှိ Badda High School နဲ့ မီရ်ပူရ် (Mirpur) ရှိ SOS Hermann Gmeiner College မဲရုံတွေကို ဆက်လက်သွားရောက်ပြီး ရွေးကောက်ပွဲရဲ့ အခြေအနေအရပ်ရပ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ အဲဒီလို ကြည့်ရှုစစ်ဆေးစဉ်အတွင်းမှာ ပရော်ဖက်ဆာယူနွတ်စ်ဟာ မဲလာပေးကြတဲ့ပြည်သူတွေ၊ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေနဲရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
Copyright © 2025 Border News Agency All rights reserved.
Hey! Don't Copy my content.