Shin Myat Phyu

Shin Myat Phyu

ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး - ဗဟို

​ခလယ်လွီထူမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

Border News Agency  ခလယ်လွီ၊ ဖေဖော်ဝါရီ ၁၀။ ​ခလယ်လွီထူခရိုင်ထဲကကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဖေဖော်ဝါရီလ ၃ ရက်ကနေ ၈ ရက်နေ့အထိ ခပ်စိပ်စိပ်လုပ်ခဲ့တာလို့ ကရင်အမျိုးသာအစည်းအရုံး - ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။  အဲဒီ​မူးမြို့နယ်ဥသစ်ဖြူဆိပ်ရွာကို ဒရုန်းနဲ့တိုက်ခိုက်လို့ အသက်လေးဆယ့်ရှစ်နှစ်အရွယ် ဦးဇော်ကြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီအပြင် တလသားအရွယ်ကလေးငယ်တဦးနဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ ​အဲဒီ ဆောထိနဲ့လယ်ဒိုမြို့နယ်ဘက်ကိုလည်း တိုက်လေယာဥ်တွေ၊ စက်တပ်လေထီးတွေနဲ့ ဆက်တိုက်တိုက်ခိုက်နေတာကြောင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သလို လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင်​ မြေမြုပ်မိုင်းနင်းမိလို့ ကွီးဒိုရွာသား စောလယ်ကပေါ်ဝါး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီလို အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

Photo- North Now

မယ်ဆိုင်မှာစိတ်ကြွဆေးပြား ၅ သန်းကျော်နဲ့အတူ ပဂျဲရိုးကားတစီးဖမ်းမိ

​Border News Agency  ချင်းရိုင်၊ ဖေဖော်ဝါရီ ၉။ ​ထိုင်း-မြန်မာနယ်စပ်၊ မယ်ဆိုင်မြို့နယ်မှာ ဖေဖော်ဝါရီလ၉ ရက်၊ ဒီနေ့မနက်အစောပိုင်းက စိတ်ကြွဆေးပြား ၅ သန်းကျော် သယ်လာတဲ့ Pajero ကားတစီးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ​ဖာမိူင်းစစ်ဆင်ရေးတပ်ဖွဲ့ (Pha Muang Force)နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မနက် ၁ နာရီအချိန် မောင်းဒေတိုင်ကျေးရွာအနီး ကင်းလှည့်နေစဉ် ဘန်ကောက်လိုင်စင်နဲ့ အနက်ရောင် Mitsubishi Pajero ကားတစီးကို တွေ့ရှိခဲ့တာပါ။ အဲဒီကားဟာ စစ်ဆေးရေးဂိတ်ကိုရှောင်ဖို့ လမ်းကြောင်းလှည့်ရာကနေ လမ်းဘေးထိုးကျသွားပြီး ကားပေါ်ပါလာသူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ​ကားအတွင်းကိုစစ်ဆေးရာမှာ ဆာလာအိတ် ၂၄ အိတ်တွေ့ရှိခဲ့ပြီး စိတ်ကြွဆေးပြား စုစုပေါင်း ၄,၇၂၀,၀၀၀ (၄ သန်း ၇ သိန်းကျော်) သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် ကားထဲမှာနခွန်ရာချာစီမာခရိုင်က အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးရဲ့ မှတ်ပုံတင်ကိုလည်း တွေ့ရှိခဲ့ပါတယ်။ ​အာဏာပိုင်တွေက အနီးပတ်ဝန်းကျင်ကို ဆက်လက်ရှာဖွေရာမှာတော့ ကားမှောက်တဲ့နေရာနားက ချုံပုတ်ထဲမှာ မြက်ခြောက်တွေနဲ့ဖုံးထားတဲ့ ခရီးဆောင်အိတ် ၂ လုံးကို ထပ်တွေ့ခဲ့ပါတယ်။ အဲဒီအိတ်တွေထဲမှာ စိတ်ကြွဆေးပြား ၆၂၀,၀၀၀ (၆ သိန်း ၂ သောင်း) ထပ်မံတွေ့ရှိခဲ့တာကြောင့် စုစုပေါင်းစိတ် ကြွဆေးပြား ၅,၃၄၀,၀၀၀ (၅ သန်း ၃ သိန်းကျော်)အထိ ရှိခဲ့ပါတယ်။ ​လက်ရှိမှာ ဖာမိူင်းတပ်ဖွဲ့မှူး ဗိုလ်ချုပ် သာသစ် ဝိုင်ယနွန့်နဲ့ တာဝန်ရှိသူတွေက သက်သေခံပစ္စည်းတွေကို မယ်ဆိုင်ရဲစခန်းကို ပို့ဆောင်ထားပြီး ကားထဲကတွေ့တဲ့မှတ်ပုံတင်ပိုင်ရှင်နဲ့ ကွင်းဆက်တရားခံတွေကိုဖမ်းမိဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Photo - กองทัพบก Royal Thai Army

​အုဘွန်ရာဇဌာနီမှာ စိတ်ကြွဆေးပြား ၆ သောင်းကျော်နဲ့အတူ တရားခံ ၂ ဦး ဖမ်းမိ

​Border News Agency  မဲဆောက်၊ ဖေဖော်ဝါရီ ၉။ ​ထိုင်း - လာအိုနယ်စပ်၊ အုဘွန်ရာဇဌာနီခရိုင်မှာ မူးယစ်ဆေးသယ်ဆောင်လာတဲ့ ကွန်ရက်တခုကို ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေက ကင်းပုန်းဝပ်ဖမ်းဆီးခဲ့ရာမှာ စိတ်ကြွဆေးပြား ၆၆,၀၀၀ နဲ့အတူ တရားခံ ၂ ဦးနဲ့ ကားတစီးကို ဖေဖော်ဝါရီလ ၉ ရက်၊ ဒီနေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆူရာနာရီတပ်ဖွဲ့ (Suranaree Force) က ထုတ်ပြန်ပါတယ်။ ​ဒီဖမ်းဆီးမှုကို ဆူရာနာရီတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရ အမှတ် ၂၂၇ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPP 227) က အဓိက တာဝန်ယူခဲ့တာပါ။ ခေးမရတ် (Khemarat) မြို့နယ်အတွင်း မူးယစ်ဆေးတွေခိုးသယ်လာမယ်ဆိုတဲ့သတင်းကြောင့် အာဏာပိုင်တွေက ဒွန်ဘတ် (Don Bak) ကျေးရွာ၊ "ဝပ်ဥယျာဉ်ဝနာရာမ်" ဘုန်းကြီးကျောင်းအနီးကမြေနီလမ်းမှာ ချောင်းမြောင်းစောင့်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီနောက် သံသယရှိတဲ့ကားတစီးရောက်လာချိန်မှာ ပိတ်ဆို့စစ်ဆေးရာကနေ စိတ်ကြွဆေးပြား (Yaba) ၆၆,၀၀၀ ပြားနဲ့အတူ အမျိုးသား ၂ ဦးကို ဖမ်းမိခဲ့တာပါ။ အဲဒီတရားခံတွေကို နယ်မြေခံရဲစခန်းဆီ လွှဲပြောင်းထားပြီး ကွင်းဆက်တွေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ မူရွင်းကျေးရွာရှိကို ဇန်နဝါရီလ ၂၄ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတွေသေဆုံးခဲ့ရပုံ (AA Info Desk)

အာရက္ခဒေသမှာ စစ်ကော်မရှင်တပ်ကြောင့် တလအတွင်းအမျိုးသမီးဆယ်ဦးသေဆုံး

​Border News Agency ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၉။ ​မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်တပ်လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း  အမျိုးသမီးသေဆုံးသူငါးဆယ့်ငါးဦးရှိခဲ့ပြီး အဲဒီထဲမှာအာရက္ခဒေသက ဒုတိယအများဆုံးဖြစ်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။ ​မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စာရင်းတွေအရ ဇန်နဝါရီလအတွင်း အာရက္ခဒေသမှာ စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်  အမျိုးသမီးဆယ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံးသူနှစ်ဆယ်ဦးပြီးရင်  အာရက္ခဒေသဟာ ထိခိုက်သေဆုံးမှုအမြင့်မားဆုံး ဒေသတခုဖြစ်နေတာပါ။ ​သေဆုံးရတဲ့အဓိကအကြောင်းရင်းတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဖြစ်ပါတယ်။ အာရက္ခဒေသကို စစ်ကော်မရှင်တပ်က အရပ်သားတွေနေထိုင်ရာကျေးရွာတွေနဲ့ မြို့ပေါ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အခုလိုအမျိုးသမီးနဲ့ ကလေးငယ်တွေပါမကျန် ထိခိုက်သေဆုံးနေရတာ ဖြစ်တယ်လို့ဆိုပါတယ်။ ​တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် သေဆုံးသူငါးဆယ့်ငါးဦးထဲမှာ အသက်ဆယ့်ရှစ်နှစ်အောက် အမျိုးသမီးငယ်လေးဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးငါးဆယ့်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာမှာ လေကြောင်းတိုက်ခိုက်မှုအပြင်  မြေမြှုပ်မိုင်းကြောင့်ထိခိုက်တာနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုငါးဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။ ​အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်းက စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေဟာလုံခြုံမှုမရှိတော့ဘဲ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို နေ့စဉ်ရင်ဆိုင်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။

Photo - กองทัพบก Royal Thai Army

​မုဒါဟန်နယ်စပ်မှာ မူးယစ်ဆေးရောင်းတဲ့လူငယ် ၃ ဦးနဲ့အတူစိတ်ကြွဆေးပြား ၃,၀၀၀ ကျော် ဖမ်းမိ

​Border News Agency မုဒါဟန်၊ ဖေဖော်ဝါရီ ၉။ ​ထိုင်း - လာအိုနယ်စပ်မုဒါဟန်ခရိုင်အတွင်းက ကျေးရွာတွေရှိ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့အိမ်တွေကို ထိုင်းအထူးခြေလျင်တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ရာမှာ ဖေဖော်ဝါရီလ ၉ ရက်၊ ဒီနေ့ စိတ်ကြွဆေးပြား ၃,၀၀၀ ကျော်နဲ့အတူ တရားခံ ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Ranger Forces 2105 အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲ​ဒီစစ်ဆင်ရေးကို အမှတ် ၂၁ ခြေလျင်တပ်မဟာ၊ အမှတ် ၂၁၀၅ ခြေလျင်တပ်ခွဲ (Ranger 2105) က အဓိက ဦးဆောင်ခဲ့တာဖြစ်ပြီး မုဒါဟန်ခရိုင် စီမံခန့်ခွဲရေးအဖွဲ့နဲ့ မြို့နယ်ထွေအုပ်အဖွဲ့တွေလည်း ပါဝင်ခဲ့ကြပါတယ်။ ​မုဒါဟန်မြို့နယ်၊ နာစီနွမ်း (Na Si Nuan) ကျေးရွာက အိမ်တွေကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အဲဒီအိမ်တွေကနေ  ဒေသတွင်းကလူငယ်တွေဆီကို စိတ်ကြွဆေးပြား (Yaba) တွေ ခိုးယူဖြန့်ဖြူးနေတယ်ဆိုတဲ့သတင်းကြောင့် အခုလို ပိတ်ဆို့ရှာဖွေခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီ စီးနင်းမှုအတွင်း မူးယစ်ဆေးရောင်းချသူအပါအဝင် သံသယရှိသူအမျိုးသား ၃ ဦးကိုဖမ်းမိခဲ့ပြီး သူတို့ဆီကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၃,၂၅၇ ပြားကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တာပါ။ အဲ​ဒီဖမ်းဆီးမှုမှာ လူ့အခွင့်အရေးချိုးဖောက်မှုမရှိစေဖို့အတွက် ၂၀၂၂ ခုနှစ် "ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူပျောက်စေမှု ကာကွယ်တားဆီးရေးနှင့်နှိမ်နင်းရေး အက်ဥပဒေ" အရ ရုပ်သံနဲ့ အသံဖိုင်တွေကို အဆက်မပြတ်မှတ်တမ်းတင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေနဲ့ သက်သေခံပစ္စည်းတွေကို မုဒါဟန်မြို့နယ် ရဲစခန်း (SPO Muang Mukdahan) ထံ လွှဲပြောင်းထားပြီး ဥပဒေအရထိရောက်စွာအရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

Photo - Thai PBS

အနုတင်ရဲ့ဖွန်ဂျိုင်ထိုင်းပါတီ ထိုင်းရွေးကောက်ပွဲမှာအနိုင်ရ

​Border News Agency ဘန်ကောက်၊ ဖေဖော်ဝါရီ ၉။ ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲ လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့ဝင်  ဖွန်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party) က အမတ်နေရာ ၁၉၀ ကျော်နဲ့အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တယ်လို့ သက်ဆိုင်ရာဌာနတွေက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲ​ဒီရလဒ်ဟာ ၂၀၂၃ ရွေးကောက်ပွဲတုန်းက ရရှိခဲ့တဲ့အမတ်နေရာ ၇၁ နေရာထက် သိသိသာသာမြင့်တက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံရေးမှာ ရှေးရိုးစွဲအမျိုးသားရေးဝါဒတွေ ပြန်လည်အားကောင်းလာတာကို ပြသနေတာလည်း ဖြစ်ပါတယ်။ အဲဒီ​မဲ ၉၅ ရာခိုင်နှုန်းရေတွက်ပြီးချိန်မှာတော့ ဖွန်ဂျိုင်ထိုင်းပါတီက အမတ်နေရာ ၁၉၀ ကျော်နဲ့ပထမ၊ ပြည်သူ့ပါတီ (People’s Party) က ၁၁၀ ကျော်နဲ့ ဒုတိယ၊ ဖွေထိုင်းပါတီ (Pheu Thai) က ၇၀ ကျော်နဲ့ တတိယအသီးသီး ရရှိထားကြပါတယ်။ လူငယ်တွေထောက်ခံတဲ့ပြည်သူ့ပါတီက မြို့ပြဒေသတွေမှာအားကောင်းခဲ့ပေမယ့် ဖွန်ဂျိုင်ထိုင်းပါတီကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပြတ်အသတ် ဦးဆောင်နိုင်ခဲ့တာပါ။ ​Nikkei Asia ရဲ့ သုံးသပ်ချက်အရ အနုတင်ရဲ့ ဒီအောင်ပွဲဟာထိုင်း - ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုကို အခြေခံထားတဲ့ "အမျိုးသားရေးဝါဒ" ကြောင့်လို့ ဆိုပါတယ်။ အနုတင်ဟာ မဲဆွယ်ကာလအတွင်းမှာ "အမိမြေကို ကာကွယ်ဖို့နဲ့ မျိုးချစ်စိတ်ရှိဖို့" ကိုပဲ အဓိကထားလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။ ​အနုတင်ကဘန်ကောက်မြို့ မိန့်ခွန်းမှာ "ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် ကျွန်တော့်အသက်နဲ့ထပ်တူကာကွယ်သွားမယ်လို့  ကတိပြုပါတယ်။ အမိမြေကိုကာကွယ်ဖို့အတွက် ဖွန်ဂျိုင်ထိုင်းပါတီကိုပဲ ရွေးချယ်လိုက်ပါ" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ​အဲဒီအပြင် ဘုရင်စနစ်နဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍကိုမထိပါးဘဲ နဂိုအတိုင်းထိန်းသိမ်းမယ်ဆိုတဲ့ ကတိကဝတ်ကြောင့် ရှေးရိုးစွဲဝါဒီတွေနဲ့ တည်ငြိမ်မှုကိုလိုလားတဲ့ ကျေးလက်ပြည်သူတွေရဲ့ မဲကိုအပြည့်အဝရရှိခဲ့တာလို့ သုံးသပ်ကြပါတယ်။ နိုင်ငံရေးသိပ္ပံပါမောက္ခ Yuthaporn Issarachai ကလည်း ထိုင်းပြည်သူတွေဟာ ပြုပြင်ပြောင်းလဲရေးထက် "အမျိုးသားလုံခြုံရေးနဲ့ တည်ငြိမ်ရေး" ကို ပိုပြီးဦးစားပေးရွေးချယ်ခဲ့ကြတာလို့ ဆိုပါတယ်။ ​လက်ရှိမှာ ဖွန်ဂျိုင်ထိုင်းပါတီဟာ အစိုးရဖွဲ့နိုင်ဖို့အမတ်နေရာ ၂၅၁ နေရာပြည့်မီအောင် အခြားပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီရှုံးနိမ့်သွားတဲ့ ပြည်သူ့ပါတီခေါင်းဆောင် နာတာဖောင်ကတော့ သူတို့ရဲ့ ရှုံးနိမ့်မှုကိုဝန်ခံလိုက်ပြီး အပြုသဘောဆောင်တဲ့ အတိုက်အခံအဖြစ် ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကော်မရှင်

ICJ အမှုကနေ အကျိုးအမြတ်တွေရခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

​Border News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၉။ ​နိုင်ငံတကာတရားရုံး (ICJ) မှာရင်ဆိုင်နေရတဲ့အမှုဟာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုကြီးတခုဖြစ်ပေမယ့် အဲဒီကနေ အကျိုးအမြတ်တွေရအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ​ဖေဖော်ဝါရီ ၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ICJ သွားရောက်ဖြေရှင်းခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုတဲ့ ညစာစားပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ​ICJ အမှုကိစ္စကြောင့် ရရှိခဲ့တဲ့အကျိုးအမြတ်တွေထဲမှာ အရေးကြီးဆုံးကတော့ နိုင်ငံအပေါ်စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး  ပြည်သူတွေကအစိုးရနဲ့အတူ ပူးပေါင်းရပ်တည်ခဲ့ကြတဲ့အတွက် အမျိုးသားစည်းလုံးညီညွတ်မှုကို ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် နောက်ထပ်အကျိုးအမြတ်တခုအနေနဲ့ ရခိုင်ပြည်မြောက်ပိုင်း ပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့ လူမျိုးစုအမည်နာမ သရုပ်လက္ခဏာ (Identity) နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ကို နိုင်ငံတကာစင်မြင့်မှာ အထောက်အထားတွေနဲ့ တင်ပြခွင့်ရခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ နောက်ပြီး ​ဥပဒေပိုင်းဆိုင်ရာမှာလည်း နိုင်ငံတကာအဆင့် အတွေ့အကြုံတွေရရှိခဲ့သလို နောက်နောင်မှာအလားတူဥပဒေကြောင်းအရတိုက်ခိုက်လာတာတွေရှိရင် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အသိအမြင်တွေရရှိခဲ့တာဟာ အဆိုးထဲက အမြတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ​ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး  စစ်ကော်မရှင်ဘက်က ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ကာခုခံချေပမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဓာတ်ပုံ - စစ်ကော်မရှင်

ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ် 

​Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉။ ​KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်တွေက ​လေးလကျော်ကြာစစ်ဆင်ရေးလုပ်ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲ​ဒီမြို့ကို ပြန်သိမ်းဖို့အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကတည်းက စစ်ကြောင်းခွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ မြို့ပတ်ဝန်းကျင်က ကျေးရွာတွေနဲ့ ဗျူဟာကျတဲ့နေရာတွေကို အဆင့်ဆင့်ပြန်သိမ်းခဲ့တာလို့ ဆိုပါတယ်။ ​လေးလကျော်ကြာတဲ့ ဒီစစ်ဆင်ရေးအတွင်း တိုက်ပွဲပေါင်းခြောက်ဆယ့်ကိုးကြိမ်အထိဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က ပြောပါတယ်။ ​လက်ရှိမှာတော့ မြို့ထဲမှာမိုင်းရှင်းလင်းတာနဲ့ ပျက်စီးသွားတဲ့အဆောက်အဦးတွေကို ပြန်ပြင်ဖို့ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဗန်းမောက်မြို့ဟာ ၂၀၂၃ ခုနှစ်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ကိုးကား - နိုင်ငံတကာသတင်းတွေ

စပိန်နဲ့ ပေါ်တူဂီကိုမှာ မာတာမုန်တိုင်းကြောင့် လူတသောင်းကျော် အရေးပေါ်ရွှေ့ပြောင်းနေရ

​Border News Agency စပိန်၊ ဖေဖော်ဝါရီ ၉။ ​ဥရောပတောင်ပိုင်းကစပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေမှာ ပြီးခဲ့တဲ့အပတ်ကတိုက်ခတ်ခဲ့တဲ့ "လီယိုနာဒို" မုန်တိုင်းအပြီး ဒီအပတ်မှာတော့ "မာတာ (Marta)" မုန်တိုင်းထပ်ဝင်လာလို့ စပိန်မိုးလေဝသအေဂျင်စီ (AEMET) က ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက လိမ္မော်ရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဲဒီမုန်တိုင်းဟာ ဖေဖော်ဝါရီလ ၉ ရက်၊ ဒီနေ့အထိလည်း မုန်တိုင်းအရှိန်ကဆက်ပြင်းနေတုန်းပဲလို့ ဆိုပါတယ်။ ​ဒီမာတာမုန်တိုင်းကြောင့် လူငါးဦးထက်မနည်းသေဆုံးခဲ့ရပြီး စပိန်မြောက်ပိုင်း အာဗီလာ (Avila) ဒေသမှာ နှင်းရှင်းတဲ့ကားမောင်းသူတဦးလည်း မီတာ ၂၀ အမြင့်ရှိတဲ့ ချောက်ထဲလျှောကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ပေါ်တူဂီနိုင်ငံ ပေါ်တယ်လီဂရီ (Portalegre) မှာလည်း အသက်လေးဆယ့်ခြောက်နှစ်အရွယ် အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ​စပိန်တောင်ပိုင်းအန်ဒလူစီးယား (Andalusia) ဘက်မှာ မြစ်ရေလျှံလို့ လူပေါင်းတသောင်းတထောင်ကျော်ကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပြီး ပြည်သူတွေအိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတယ်လို့ဆိုပါတယ်။ အဲဒီ​မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးရေးလည်းထိခိုက်နေပြီး စပိန်တောင်ပိုင်း ကာဒစ်ဇ် (Cadiz) ပြည်နယ်က လယ်သမားအဖွဲ့ (COAG) ရဲ့ပြောပြချက်အရ ဘရိုကိုလီ၊ မုန်လာဥနီနဲ့ ပန်းဂေါ်ဖီစိုက်ခင်း ဟက်တာထောင်နဲ့ချီပြီး ရေအောက်ရောက်သွားပြီလို့ ဆိုပါတယ်။ အဲဒီ ပေါ်တူဂီစိုက်ပျိုးရေးဝန်ကြီးဌာနကလည်း လာမယ့်ရက်ပိုင်းအတွင်း စိုက်ပျိုးရေးနဲ့ သစ်တောကဏ္ဍမှာ ဆုံးရှုံးမှုတန်ဖိုး ယူရို ၇၅၀ သန်း (ဒေါ်လာ ၈၉၀ သန်း) လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲ​ဒီအပြင် စပိန်တနိုင်ငံလုံးမှာ လမ်းပေါင်း ၁၇၀ နီးပါးကို ဘေးကင်းအောင်ပိတ်ထားရသလို၊ စပိန်လာလီဂါရဲ့ ပွဲစဉ်ကြီးဖြစ်တဲ့ ဆီဗီလာ (Sevilla) နဲ့ ဂီရိုနာ (Girona) အသင်းတို့ပွဲကိုလည်း ရာသီဥတုဆိုးလို့ ရွှေ့ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။ ​စပိန်နဲ့ ပေါ်တူဂီမှာ ဒီနေ့အထိမိုးကြီးတာ၊ လေပြင်းတိုက်တာနဲ့ရေကြီးတာတွေ ဆက်ဖြစ်နေပြီး မုန်တိုင်းအရှိန်ကနောက်ထပ် ၂၄ နာရီကနေ ၄၈ နာရီအထိ ဆက်ပြင်းနေဦးမယ်လို့ သိရပါတယ်။ ပေါ်တူဂီအစိုးရက လက်ရှိမှာကယ်ဆယ်ရေးသမား နှစ်သောင်းခြောက်ထောင်ငါးရာကျော်ကို အသင့်ပြင်ထားပြီး ရေဘေးသင့်သူတွေကို ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - KNU

​ဒူးပလာယာမှာအမျိုးသမီးကဏ္ဍမြှင့်တင်ဖို့ အချက်ခုနှစ်ချက် တောင်းဆို

​Border News Agency ဒူးပလာယာခရိုင်၊ ဖေဖော်ဝါရီ ၇။ ​ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းကပြုလုပ်ခဲ့တဲ့ ကော်သူးလေအမျိုးသမီးတွေ တွေ့ဆုံဆွေးနွေးပွဲကနေ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ လုံခြုံရေးအတွက် အဓိကကျတဲ့တောင်းဆိုချက်ခုနှစ်ချက်ကို တောင်းဆိုလိုက်ပါတယ်။  အဲ​ဒီတောင်းဆိုချက်တွေထဲမှာ အမျိုးသမီးတွေအတွက်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအစီအမံတွေကို ကော်သူးလေနယ်မြေအတွင်း အကောင်အထည်ဖော်ပေးဖို့၊ KNU ရဲ့ ကျား / မ ရေးရာမူဝါဒကို အမြန်ဆုံးပြဌာန်းပေးဖို့နဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပိုမိုဦးဆောင်ခွင့်ရဖို့ အလေးထားတောင်းဆိုထားပါတယ်။ အဲဒီအပြင် ဒေသတွင်းသယံဇာတစီမံခန့်ခွဲမှုတွေမှာလည်း အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကိုထည့်သွင်းပေးဖို့ ပါဝင်ပါတယ်။ ​နောက်ပြီးဒေသတွင်း အမျိုးသမီးတွေအပေါ် သက်ရောက်မှုရှိနေတဲ့ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဒုစရိုက်လုပ်ငန်းတွေပပျောက်ရေး ဆောင်ရွက်ပေးဖို့နဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့ကိုလည်း တောင်းဆိုထားတာပါ။ အဲဒီဆွေးနွေးပွဲကို ကော်သူးလေအမျိုးသမီးကွန်ရက် (KWN) နဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) တို့က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်ပေါင်းတရာကျော် တက်ရောက်ခဲ့ကြပါတယ်။

Page 18 of 38 1 17 18 19 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here