Shin Myat Phyu

Shin Myat Phyu

​Photo - Chitmin Htet

​ဘန်ကောက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ကရိန်းပြိုကျလို့မြန်မာလုပ်သားနှစ်ဦးဒဏ်ရာရ

​Border News Agency ဘန်ကောက်၊ ဖေဖော်ဝါရီ ၇။ ​ဘန်ကောက်မြို့၊ အာဆို့ (Asoke) ဧရိယာက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့မနက်ပိုင်းက မျှော်စင်ကရိန်း (Tower Crane) လက်တံပြိုကျခဲ့တာကြောင့် မြန်မာအလုပ်သမားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ သိရပါတယ်။ ​အဲဒါဟာ Terminal 21 ဈေးဝယ်စင်တာအနီးမှာရှိတဲ့ လုပ်ငန်းခွင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကရိန်းလက်တံပြုတ်ကျလာတဲ့အချိန် အောက်မှာရှိနေတဲ့မြန်မာအမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ အပေါ်ကိုပိမိခဲ့တာပါ။ အဲဒီဒဏ်ရာရရှိခဲ့တဲ့အမျိုးသားဟာ မေ့မြောသွားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် CPR လုပ်ပေးခဲ့ရသလို အမျိုးသမီးကတော့ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။  အဲဒါကြောင့် သူတို့နှစ်ဦးစလုံးကို အနီးနားကဆေးရုံတွေကို အမြန်ဆုံးပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။ အဲဲဒီကရိန်းပြုတ်ကျတာနဲ့ပက်သက်လို့ သက်ဆိုင်ရာရဲစခန်းနဲ့ တာဝန်ရှိသူတွေက ကရိန်းဘာကြောင့် ပြိုကျရသလဲဆိုတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ အဲဒီအပြင် လုပ်ငန်းခွင်ရဲ့ဘေးကင်းလုံခြုံမှု အခြေအနေတွေကိုလည်း လိုက်လံစစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo - CIB

ကန်ချနဘူရီမှာ မြန်မာလုပ်သားဆယ့်သုံးဦး ဖမ်းဆီးခံရ

Border News Agency  မဲဆောက်၊ ဖေဖော်ဝါရီ ၇။ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်မှာ အထောက်ထားမဲ့ မြန်မာလုပ်သားဆယ့်သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB ) က ဖေဖော်ဝါရီလ ၆ ရက်၊ မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမြန်မာနိုင်ငံသားတွေကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ (Highway Police) က ကင်းလှည့်စစ်ဆေး‌နေချိန်မှာ မသင်္ကာဖွယ်ပစ်ကပ်ထရပ်ကားတစီးကို စစ်ဆေးဖို့အချက်ပြတားဆီးခဲ့ပေမယ့် ယာဉ်မောင်းမှာရပ်တန့်ခြင်းမရှိပဲ  မောင်းပြေးခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာအာဏာပိုင်းတွေကလိုက်လံခဲ့ချိန် လမ်းဘေးသစ်တောအနီးမှာကားကိုစွန့်ပစ်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ  တောထဲသို့ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကားမှာလိုက်ပါလာတဲ့ခရီးသည်တွေဟာ အထောက်အထားမဲ့မြန်မာလုပ်သား အမျိုးသားခုနှစ်ဦးနဲ့ အမျိုးသမီး ခြောက်ဦး၊ စုစုပေါင်းဆယ့်သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်လာဖို့အတွက် ပွဲစားခနဲ့ခရီးစရိတ် တဦးလျှင်ဘတ်လေးသောင်းစီပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲက တချို့မှာ စမတ်စခွန် (Samut Sakhon) ရှိ ပုစွန်မွေးမြူရေးခြံတွေမှာ အလုပ်လုပ်မှာဖြစ်ပြီး တချို့မှာမလေးရှားနိုင်ငံသို့ သွားမယ့်ရည်ရွယ်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဖမ်းဆီးရမိသူ ဆယ့်သုံးဦးကို "တရားမဝင်ဝင်ရောက်နေထိုင်မှု" နဲ့ ကန်ချနဘူရီမြို့မရဲစခန်းမှာအမှုဖွင့်ထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အတူ နေရပ်သို့ပြန်လည်ပို့ဆောင်ရန် စီစဉ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ထွက်ပြေးသွားတဲ့ ထိုင်းယာဉ်မောင်းဖြစ်သူကိုဖမ်းဆီးဖို့ ကားလိုင်စင်မှတဆင့် ဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - ကလေးခရိုင်အမှတ် ၃ တပ်ရင်း

​ကလေးခရိုင် PDF တပ်ရင်း ၃ တည်ထောင်ခြင်း သုံးနှစ်ပြည့်အခမ်းအနား

​Border News Agency ကလေး၊ ဖေဖော်ဝါရီ ၇။ ​စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အမှတ် ၃ တပ်ရင်းပူးပေါင်းတည်ထောင်ခြင်း ၃ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို  ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီ​တပ်ရင်းရဲ့ နှစ်ပတ်လည်နေ့ကတော့ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မှာဖြစ်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အခုလိုရက်စောပြီး ကျင်းပခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ သုံးနှစ်တာကာလပတ်လုံး အခက်အခဲတွေကို အတူတူကျော်ဖြတ်ခဲ့ကြတဲ့ ရဲဘော်တွေ၊ လိုအပ်တာတွေပံ့ပိုးပေးတဲ့ အထက်လူကြီးတွေနဲ့ ပြည်သူလူထုကို အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် တော်လှန်ရေးကာလအတွင်း အသက်ပေးသွားခဲ့ကြတဲ့ရဲဘော်တွေကို အစဉ်အောက်မေ့သတိရနေမှာဖြစ်ပြီး  သူတို့ရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ ပြည်သူနဲ့တသားတည်းရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။

Photo - KNLA

စစ်ကော်မရှင်တပ်ဖွဲ့တဦး KNLA တပ်မဟာ ၄ ဆီအလင်းဝင်

​Border News Agency ကစယ်ဒို၊ ဖေဖော်ဝါရီ ၇။ စစ်ကော်မရှင်တပ်ဖွဲ့တဦး ကေအဲန်ယူ တပ်မဟာ ၄၊ တပ်ရင်း ၁၂ ဆီသို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကေအဲန်ယူ - မြိတ်ထားဝယ်ခရိုင်က ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့ထုတ်လိုက်ပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်ရဲ့ခလရ ၄၀၄ က တပ်သားတဦးဟာ ဖေဖော်ဝါရီလ ၆ ရက်၊ မနေ့က MA - 1 သေနတ်တလက်၊ ကျည်ဘောက်သုံးခုနဲ့ ကျည်ဆံနှစ်ရာ့တဆယ်တောင့်နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ အဲဒီအလင်းဝင်လာသူကို KNLA ဘက်က ကောင်းမွန်စွာလက်ခံစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ ​KNU အနေနဲ့ စစ်တပ်ထဲမှာမိမိဆန္ဒမပါဘဲ အတင်းအဓမ္မခိုင်းစေခံနေရသူတွေကို အာဏာရှင်ရဲ့အသုံးချခံအဖြစ်မခံဘဲ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ်ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Photo - North Now

​ချင်းမိုင်မှာ WY စိတ်ကြွဆေးပြားသုံးသန်း ဖမ်းဆီးရမိ (ဓာတ်ပုံသတင်း)

​Border News Agency ချင်းမိုင်၊ ဖေဖော်ဝါရီ ၇။ ​ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် မယ်တဲင်မြို့နယ်ထဲမှာ ကာလတန်ဖိုးအများအပြားရှိတဲ့ WY တံဆိပ်ပါစိတ်ကြွဆေးပြားသုံးသန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ အဲ​ဒီဆေးပြားတွေကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက ဝိန်းဟဲ (Wiang Haeng) နယ်စပ်ဘက်ကနေ Toyota Revo ကားနဲ့ သယ်ဆောင်လာမယ်ဆိုတဲ့သတင်းအရ အာဏာပိုင်တွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။ အဲဒီမူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ကားဟာ ဖေဖော်ဝါရီလ ၆ ရက်၊ မနက်အစောပိုင်းမှာ စစ်ဆေးရေးဂိတ်မှာရပ်မပေးဘဲ အရှိန်ပြင်းပြင်းနဲ့မောင်းပြေးခဲ့လို့ အာဏာပိုင်တွေက အပြင်းအထန်လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ ​အဲဒီမှောင်ခိုသမားတွေဟာ ကွတ်ချမ်းကျေးရွာအမှိုက်ပုံနားမှာ ကားကိုစွန့်ပစ်ပြီး တောထဲကိုထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီကားပေါ်မှာတော့ ကောက်ရိုးအိတ်ဆယ့်ငါးအိတ်နဲ့ထည့်ထားတဲ့ စိတ်ကြွဆေးပြားသုံးသန်းကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  အဲဒီ ကားပိုင်ရှင်ကိုစုံစမ်းနေပြီး ထွက်ပြေးသွားတဲ့တရားခံတွေကို မိမိရရဖမ်းနိုင်ဖို့အတွက် ကွင်းဆက်တွေကိုဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။ 

Photo - SSPP/SSA

ဝမ်ဟိုင်းရှိ ၇၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့မြင်ကွင်း

Border News Agency သျှမ်း၊ ဖေဖော်ဝါရီ ၇။ ​၇၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်၊ ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဌာနချုပ်ဝမ်ဟိုင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

​ဓာတ်ပုံ - လူမှုကွန်ရက်

​မလေးရှားမှာ အော်ပရာစီဝင်ဖမ်းလို့မြန်မာနိုင်ငံသားတွေအပါအဝင် နှစ်ဆယ်ဦးဖမ်းဆီးခံရ

Border News Agency  မလေးရှား၊ ဖေဖော်ဝါရီ ၇ ။ ​မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် (Johor)၊ Mount Austin ဧရိယာအတွင်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့က အာဏာပိုင်တွေရဲ့အော်ပရာစီ (Operasi) အထူးစီမံချက်နဲ့ ဝင်ရောက်စစ်ဆေးဖမ်းဆီးရာမှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားနှစ်ဆယ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ​အဲဒီဖမ်းဆီးခံရသူနှစ်ဆယ်ဦးထဲမှာ မြန်မာအမျိုးသား​လေးဦးပါဝင်နေပြီး ကျန်ရှိသူတွေကတော့ တရုတ်အမျိုးသားဆယ့်လေးဦးနဲ့ တရုတ်အမျိုးသမီးနှစ်ဦးတို့ ဖြစ်ကြပါတယ်။ သူတို့အားလုံးဟာ မလေးရှားနိုင်ငံအတွင်း နေထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတစုံတရာ ပြသနိုင်တာမရှိတာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။ ​အဲဒီဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာန (Immigration) က ဆက်လက်ထိန်းသိမ်းထားပြီး ဥပဒေအရအရေးယူနိုင်ဖို့အတွက် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်။ ​မလေးရှားအစိုးရအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်းမှာ အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို နေရာအနှံ့ ပိုက်စိပ်တိုက်စစ်ဆေးဖမ်းဆီးနေတာကြောင့် ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ သွားလာနေထိုင်ရာမှာ အထူးသတိပြုကြဖို့လည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

​မူးမှာ စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံး

​Border News Agency မူး၊ ဖေဖော်ဝါရီ ၆ ။ ​ မူးမြို့နယ်အတွင်းရှိကျေးရွာတွေကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၅ ရက်အထိလေကြောင်း၊ ဒရုန်းနဲ့လက်နက်ကြီးတွေသုံးပြီး ဆက်တိုက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီခင်ကြီးကျေးရွာကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်နေ့က ဒရုန်းနဲ့ဗုံးကြဲလို့ အသက်ငါးဆယ့်ငါးနှစ်အရွယ် ဒေါ်ထွေးရီသန်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်စောခီးရွာကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အသက်ကိုးနှစ်အရွယ် စောကလဲမူသောနဲ့ ခင်ကြီးရွာက အသက်ငါးဆယ့်ရှစ်နှစ်အရွယ် မောင်မျိုးတို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ​နောက်ပြီးငထွေစုတ်ကျေးရွာက အသက်ဆယ့်လေးနှစ်အရွယ် မောင်စောတာနေသားလည်း လက်နက်ကြီးစထိမှန် ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ရဲ့ ခမရ - ၄၃၉ နဲ့ ခလရ - ၆၀ တပ်ရင်းတွေက ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေကြောင့် ခင်ကြီး၊ လှေဒုံး၊ ငတိုးခင်နဲ့ မျက်နီကွင်းကျေးရွာတွေက နေအိမ်စုစုပေါင်းဆယ့်ခုနှစ်လုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - ယောအလင်းတန်း

ဆောမြို့နယ် CDM ဝန်ထမ်းကို ပကဖအဖွဲ့ဝင်များရိုက်နှက်ပြီး ရှစ်ရက်ကြာတဲ့အထိ အရေးယူမှုမရှိ

Border News Agency  ဆော၊ ဖေဖော်ဝါရီ ၆။ မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ပို့ကြီးကျေးရွာမှာရှိတဲ့ CDM ကျန်းမာရေးဝန်ထမ်း ကိုမင်းကိုအောင်ကို မြို့နယ်ပကဖအဖွဲ့ဝင်တွေက ဇန်နဝါရီလ ၃၀ ရက်၊ ည ၁၁ နာရီကျော်မှာ ဆေးခန်းအတွင်းဝင်ရောက်ဖမ်းဆီးပြီး လက်ထိပ်ခတ်ရိုက်နှက်ခဲ့ကြတယ်လို့ ယောအလင်းတန်းကထုတ်ပြန်ထားပါတယ်။ ဦးထန်းမောင်းနဲ့ ဦးရဲကိုတို့ ဦးဆောင်တဲ့ အဖွဲ့ဝင်ကိုးဦးဟာ သေနတ်တွေနဲ့ မောင်းတင်ချိန်ရွယ်ပြီး မိသားစုဝင်တွေကို ခြိမ်းခြောက်ခဲ့သလို ကိုမင်းကိုအောင်ကိုလည်း ဓားနဲ့ထောက်ကာ အကြောင်းမဲ့ရိုက်နှက်ခဲ့တာကြောင့် မျက်နှာဖူးယောင်ပြီး လည်ကုတ်မှာပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ဆိုပါတယ်။  ​အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုမင်းကိုအောင်က ဖေဖော်ဝါရီလ၄ ရက်မှာ မြို့နယ်ပအဖနဲ့ပလဖအဖွဲ့တွေဆီ တိုင်ကြားခဲ့ပေမယ့် အခင်းဖြစ်ပြီးရှစ်ရက်အထိ ကျူးလွန်သူတွေကိုအရေးယူတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။ အဲဒီအပြင်မြို့နယ်ပကဖ တာဝန်ရှိသူက "မီဒီယာမှာပြန့်ရင် ကိစ္စပိုကြီးသွားမယ်" လို့ မိသားစုကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီရိုက်နှက်ခံရသူ ကိုမင်းကိုအောင်တို့မိသားစုဟာ တော်လှန်ရေးအစကတည်းက ပါဝင်ခဲ့သူတွေဖြစ်ပြီး လက်ရှိမှာအရင်စုဆောင်းထားတာလေးတွေကို ထုခွဲရောင်းချကာ စားသောက်နေထိုင်နေရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ 

အာရက္ခဒေသမှာ တောရိုင်းတိရစ္ဆာန်တွေကိုမဖမ်းဖို့ အာရက္ခအစိုးရတားမြစ်

Border News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၆။ ‎အာရက္ခဒေသအတွင်း မြို့နယ်တွေမှာ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးတာတွေမပြုလုပ်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ ဇန်နဝါရီလ ၂၃ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ အာရက္ခဒေသကပြည်သူအချို့ဟာ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ သစ်တောကြိုး ဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကိုဝင်ရောက်ပြီး အမဲလိုက်နေတာလို့ ဆိုပါတယ်။ အဲဒီပြည်သူတွေဟာ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးတာတွေနဲ့ ရောင်းချတာတွေပြုလုပ်နေတာကြောင့် အာရက္ခအစိုးရအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေ မျိုးမပြုန်းရအောင် တားမြစ်လိုက်တာပါ။ ပြည်သူတွေအနေနဲ့ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကို ဝင်ရောက်ပြီး တောရိုင်းတိရစ္ဆာန်တွေကိုအမဲလိုက်တာ၊ ဖမ်းဆီးတာ၊ ရောင်းချတာတွေ လုံးဝမပြုလုပ်ရဘူးလို့ ဆိုပါတယ်။ အဲဒီတားမြစ်ချက်တွေကို လိုက်နာမှုမရှိဘဲ ကျူးလွန်ဖောက်ဖျက်ရင် ဥပဒေနဲ့အညီထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ‎အာရက္ခဒေသကပြည်သူတွေအနေနဲ့ စည်းကမ်းချက်တွေ ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြဖို့ကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သစ်တောနဲ့ သဘာဝန်းပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ တိုက်တွန်းထားပါတယ်။

Page 19 of 38 1 18 19 20 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here