ဖိလစ်ပိုင်မှာ ကူးတို့သင်္ဘောနစ်မြုပ်လို့ လေးဆယ့်ငါးဦးသေဆုံး
Border News Agency ဖိလစ်ပိုင်၊ ဖေဖော်ဝါရီ ၄။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ ဘာစီလန် (Basilan) ခရိုင်၊ ဘာလွတ် - ဘာလွတ် (Baluk - Baluk) ကျွန်းအနီးမှာနစ်မြုပ်ခဲ့တဲ့ MV Trisha Kerstin 3 ကူးတို့သင်္ဘောကို ၁၀ ရက်ကြာရှာဖွေပြီးနောက် ရုပ်အလောင်း ၂ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ဖေဖော်ဝါရီလ ၄ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီရုပ်အလောင်းသစ်တွေကို အစိုးရဌာနဆိုင်ရာတွေ၊ ဒေသန္တရအဖွဲ့တွေနဲ့ ဒေသခံရေလုပ်သားတွေ ပူးပေါင်းရှာဖွေခဲ့တာဖြစ်ပြီး လက်ရှိမှာသေဆုံးသူစုစုပေါင်း လေးဆယ့်ငါးဦးအထိရှိလာပြီလို့ သိရပါတယ်။ အဲဒီကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၆ ရက်နေ့က ခရီးသည်နဲ့အမှုထမ်း ၃၅၀ ကျော်တင်ဆောင်လာစဉ် ဘာလွတ် - ဘာလွတ်ကျွန်းအနီးမှာ စတင်နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီသင်္ဘောနစ်မြုပ်ပြီးနောက်ပိုင်း ၁၀ ရက်ဆက်တိုက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ရာမှာ ဒီနေ့အထိ အသက်ရှင်ကျန်ရစ်သူ သုံးရာ့တဆယ့်ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရေငုပ်ရှာဖွေမှုတွေအရ နစ်မြုပ်နေတဲ့သင်္ဘောဟာ ဘာလွတ် - ဘာလွတ်ကျွန်းရဲ့ အရှေ့ - အနောက်တည့်တည့်အနေအထားမှာ ရှိနေတာကိုတွေ့ရှိခဲ့တယ်လို့ PCG နည်းပညာဆိုင်ရာရေငုပ်အဖွဲ့ကြီးကြပ်ရေးမှူး Commander Cheska Jamorol က အတည်ပြုထားပါတယ်။ အဲဒီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေ ရှိ၊ မရှိနဲ့ ကျန်ရှိနိုင်တဲ့ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။









