TNLA နဲ့ MNDAA ကြား ပဋိပက္ခကြောင့် လူထုကိုအသုံးမချဖို့ TCSN တောင်းဆို
Border News Agency တအာင်း၊ ဖေဖော်ဝါရီ ၂၄။ PSLF / TNLA နဲ့ MNTJP / MNDAA တို့ကြားဖြစ်ပွားနေတဲ့ပဋိပက္ခတွေမှာ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တာတွေမပြုလုပ်ဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့မှာတောင်းဆိုလိုက်ပါတယ်။ အဲဒီအဖွဲ့နှစ်ဖွဲ့ကြားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစတင်ပြီး နယ်မြေမြေပြင်တင်းမာမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ကာ တပတ်ကျော်ကြာလာတဲ့အထိ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီ တပ်ဖွဲ့နှစ်ဖွဲ့ကြား အငြင်းပွားမှုရဲ့ နောက်ဆက်တွဲအဖြစ် မြေပြင်မှာရှိတဲ့ ပြည်သူလူထုတွေဟာ ကြားညှပ်ပြီးစိုးရိမ်စရာဖြစ်နေရသလို လူထုကိုပစ်မှတ်ထား ရိုက်နှက်တာ၊ ဖမ်းဆီးတာနဲ့ သွားလာခွင့်ကန့်သတ်တာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် အွန်လိုင်းစာမျက်နှာတွေပေါ်မှာလည်း လူမျိုးရေးပဋိပက္ခဖြစ်စေမယ့် အမုန်းစကားတွေနဲ့ မဟုတ်မမှန် သတင်းတု၊ ဗီဒီယိုတွေကိုအသုံးပြုပြီး သွေးထိုးလှုံ့ဆော်တာတွေ ရှိနေတာဟာ လူထုအပေါ်အကြမ်းဖက်မှုတွေ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။ အဲဒီအတွက်ကြောင့် နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပြည်သူလူထုအပေါ်ပုံချကာ ရန်လိုတာနဲ့ အကြမ်းဖက်တာတွေမပြုလုပ်ဘဲ ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်ကတဆင့် အမြန်ဆုံးဖြေရှင်းကြဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်း ၆ ဖွဲ့ကတိုက်တွန်းထားပါတယ်။









