Border News Agency မကွေး၊ဖေဖော်ဝါရီ ၆။ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ထဲက မိအယ်ကျေးရွာကို ဖေဖော်ဝါရီလ ၅ ရက်၊ မနေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီမိအယ်ကျေးရွာကို မကွေးလေတပ်ကတက်လာတဲ့ တိုက်လေယာဉ်တစီးမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးတိုက်ခိုက်ခဲ့တယ်လို့ ယောအလင်းတန်းက ဖေဖော်ဝါရီလ ၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ခုနှစ်ဆယ်အရွယ်အမျိုးသမီးတဦး၊ အသက်လေးဆယ်နဲ့ ငါးဆယ်ကျော်အမျိုးသမီးနှစ်ဦး၊ ဆယ့်သုံးနှစ်နဲ့ဆယ်နှစ်အောက် မိန်းကလေးငယ်နှစ်ဦးတို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ "တိုက်ပွဲမရှိဘဲ ရွာကိုပဲ ဦးတည်ပြီး ဗုံးကြဲသွားတာဗျ။ ဗုံးမချခင်တနာရီလောက်ကတည်းကကျောက်ထုအမြှောက်တပ် ၃၆၈ ကနေ ဒရုန်းနဲ့ကင်းထောက်နေတာ။ ပြီးတော့မှခပ်နိမ့်နိမ့်ပျံပြီး ရွာထဲတည့်တည့်ကို ဗုံးချသွားတာပါ။"လို့ ဒေသခံတဦးက ပြောပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် မိအယ်ရွာကနေအိမ်လေးလုံးပျက်စီးခဲ့ပြီး အဲဒီထဲကတလုံးကတော့ မီးလောင်ပြာကျသွားခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လအတွင်းမှာလည်း ယောဒေသကိုလေကြောင်းတိုက်ခိုက်မှု နှစ်ဆယ့်သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို မနေ့ညကလည်းထီးလင်းမြို့နယ်ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ ယောဒေသအတွင်း ကင်းထောက်လေယာဉ်တွေနဲ့ မကြာခဏပျံသန်းနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားပြီး နေထိုင်ကြဖို့အသိပေးထားပါတယ်။
Read moreBorder News Agency ဒီပဲယင်း၊ဖေဖော်ဝါရီ ၆။ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကိုဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီညောင်လှရွာကို စစ်ကော်မရှင်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ မော်တာနဲ့ ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားပြည်သူအမျိုးသားလေးဦးဒဏ်ရာရသွားခဲ့ပြီး တဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လူမဆန်စွာတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ ဒီပဲယင်းမြို့နယ် ပအဖကအသိပေးထားပါတယ်။
Read moreBorder News Agency ရန်ကုန်၊ဖေဖော်ဝါရီ ၆။ ခရီးသွားလာနေကြတဲ့ ရခိုင်မှတ်ပုံတင် ၁၁/ မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ကန့်သတ်ထားတဲ့ မြို့နယ်တွေမှ ပြည်သူတွေလမ်းခရီးစစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအမြောက်အမြားတောင်းခံနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ အဲဒီရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ ကန့်သတ်မြို့နယ်တွေမှပြည်သူတွေဟာ ခရီးသွားလာရာမှာ သက်ဆိုင်ရာရပ်ကွက်နဲ့ရဲစခန်းထောက်ခံစာတွေပါရှိမှသာ ကားလက်မှတ်ဝယ်ယူခွင့်ရရှိမှာဖြစ်ကြောင်းကို အဝေးပြေးယာဉ်လိုင်းဂိတ်တွေက အွန်လိုင်းမှတဆင့် အသိပေးပေးထားပါတယ်။ အဲဒီအပြင် အချို့ကားဂိတ်တွေမှာပြဿနာတက်မည်ကိုစိုးရိမ်တာမို့ ကန့်သတ်မြို့နယ် မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုလက်မှတ်ရောင်းချပေးဖို့ ငြင်းဆန်တာတွေရှိနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ "ကျွန်မခရီးထွက်တုန်းကဆိုရင် လမ်းမှာတယောက်ကိုငါးသိန်းအထိ တောင်းတာရှိတယ်။ သုံးယောက်ဆိုရင်ဆယ့်ငါးသိန်းပေးရတယ်လို့ ကြားခဲ့ရတယ်။ အထူးသဖြင့် ၁၃/ရှမ်းမှတ်ပုံတင်တွေဆိုရင် ငွေကောက်ပြီးမှဝင်ခွင့်ပေးတာမျိုးတွေရှိသလို၊ ၉/ မန္တလေးမှတ်ပုံတင်တွေလည်း ဝင်ရခက်နေတယ်။ ၁၁/ရခိုင်မှတ်ပုံတင်ဆိုရင်တော့ ပိုပြီးစစ်ဆေးခံရသလို ကျောက်မဲဘက်ကိုသွားဖို့လည်း အရမ်းခက်ခဲနေတယ်။"လို့ ခရီးသွားပြည်သူတဦးက Border News Agency ကိုပြောပါတယ်။ အဲဒီကန့်သတ်လိုက်တဲ့မြို့နယ်တွေထဲဲမှာ ရခိုင်ပြည်အတွင်းရှိ ၁၁/ မှတ်ပုံတင်ကိုင်ဆောင်တဲ့ မြို့နယ်အားလုံး၊ မန္တလေးတိုင်းမိုးကုတ်မြို့ ၉/မကန၊ ရှမ်းပြည်နယ် ၁၃/မှတ်ပုံတင်တွေအပြင် ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ ကုန်းကြမ်းတွေလည်းပါဝင်နေပါတယ်။ အဲဒီအပြင် ကရင်ပြည်နယ်၊ မြဝတီနဲ့ ကော့ကရိတ်ဘက်မှပြန်လာသူတွေကိုလည်း အစစ်အဆေးပိုမိုတင်းကျပ်နေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ အဲဒီအပြင်စစ်ကိုင်းတိုင်းအတွင်းရှိ ၅/မုံရွာ၊ မြောင်၊ ရွှေဘိုစတဲ့မြို့နယ်တွေကို စစ်ကော်မရှင်တပ်က ကန့်သတ်ထားပြီး ခရီးသွားလာရာမှာ အခက်အခဲမျိုးစုံကြုံတွေ့နေရတယ်လို့ ဆိုကြပါတယ်။ အဲဒီမြို့နယ်တွေမှ ပြည်သူတွေဟာမြို့ဝင် မြို့ထွက်ဂိတ်တွေမှာတောင် မှတ်ပုံတင်ကို အသေးစိတ်စစ်ဆေးခံရရုံသာမက ဖုန်းအတွင်းရှိအချက်အလက်တွေကိုပါ စစ်ဆေးခံနေရတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ "ငွေကောက်တာကတော့တကယ့်ကို အမှန်ပါပဲ။ ဒါပေမယ့်လူတိုင်းတော့မဟုတ်ဘဲ တခါတလေမှကြုံရတာမျိုးလည်းရှိတယ်။ ထောက်ခံစာကတော့မပါမဖြစ် ယူသွားရတယ်။ အထူးသဖြင့် ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်လို့သံသယရှိသူတွေဆီက ပိုပြီးငွေညှစ်တောင်းခံတာတွေရှိတယ်။ တောင်ကြီးနဲ့မန္တလေးဘက်ကဂိတ်တွေမှာ ပိုပြီးကောက်ခံနေတာတွေ့ရတယ်။"လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ စစ်ကော်မရှင်တပ်ဟာ နိုင်ငံတစ်ဝှမ်းရှိ စစ်ရေးအခြေအနေနဲ့ နယ်မြေထိန်းချုပ်မှုတွေကြောင့် အဲဒီလိုမှတ်ပုံတင်နံပါတ်တွေအလိုက် ခရီးသွားလာခွင့်ကိုတင်းကျပ်ကန့်သတ်ထားတာဖြစ်ပြီး လမ်းခရီးမှာငွေကြေးမတက်နိုင်သူတွေလည်းရှိတယ်လို့ဆိုကြပါတယ်။ အဲဒီလို ငွေကြေးမတက်နိုင်သူတွေကို ဂိတ်တွေမှာနာရီပေါင်းများစွာ ထိန်းသိမ်းစစ်ဆေးခံရတာတွေနဲ့ လမ်းဝက်မှပြန်လှည့်ခိုင်းတာတွေလည်းရှိနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ အဲဒီလုပ်ရပ်တွေကြောင့် ခရီးသွားပြည်သူတွေမှာ ငွေကြေးကုန်ကျမှုမြင့်မားလာတာအပြင် ဘေးကင်းလုံခြုံမှုအတွက်ပါ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
Read moreBorder News Agency ရှားတော၊ ဖေဖော်ဝါရီ ၅ ။ ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ဇန်နဝါရီလကစပြီး ယားနာ (Scabies) ကူးစက်မှု မြင့်တက်နေတဲ့အတွက် ကုသဖို့ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ အဲဒီအရေပြားရောဂါဟာ အသက်ဆယ့်ငါးနှစ်အောက် ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာ အဖြစ်များနေပြီး စခန်းတွေအတွင်း တကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် လအတော်ကြာတဲ့အထိ မထိန်းချုပ်နိုင်ဘဲ ဆက်လက်ပြန့်ပွားနေတာပါ။ အဲဒီယားနာကုသဖို့ လိုအပ်တဲ့ Permethrin လိမ်းဆေး၊ သောက်ဆေးတွေအပြင် ဆပ်ပြာ၊ ပိုးသတ်ဆေးနဲ့ သန့်ရှင်းတဲ့ သုံးရေ၊ သောက်ရေတွေပါ ပြတ်လပ်နေတယ်လို့ ကရင်နီကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။ အဲဒီအရေပြားရောဂါတွေကို အချိန်မီမကုသနိုင်ပါက နောက်ဆက်တွဲဘက်တီးရီးယားပိုးဝင်တာတွေ ဖြစ်လာနိုင်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဆေးဝါးထောက်ပံ့ပေးဖို့ မျှော်လင့်နေကြပါတယ်။
Read moreBorder News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၅ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့" ပေးအပ်ခဲ့ပါတယ်။ အဲဒီဘွဲ့ကို ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့မနက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပေးအပ်ခဲ့တာပါ။ နိုင်ငံရေးအပြောင်းအလဲကာလအတွင်း စီမံခန့်ခွဲမှုတွေကြောင့် အခုလိုဘွဲ့ပေးတာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီအခမ်းအနားကို ပညာရေးလောကက တာဝန်ရှိသူတချို့ တက်ရောက်ခဲ့ကြပါတယ်။
Read moreBorder News Agency ဖလမ်း၊ ဖေဖော်ဝါရီ ၅ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့မြေပြန့်ဒေသတွေအပြင် မီဇိုရမ်ပြည်နယ်ထဲမှာခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ခြောက်ရာကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေသွားရောက်လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာန (Humanitarian Department) ကဖေဖော်ဝါရီ ၅ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီလိုလှူဒါန်းမှုဟာ အိမ်ထောင်စုနှစ်ရာနီးပါးက လူဦးရေခြောက်ရာကျော်အတွက် ဖြစ်တယ်လို့ CNO က ဆိုပါတယ်။ အဲဒီဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းကစပြီး စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဖလမ်းမြို့နယ်အတွင်းက ဒေသခံပြည်သူနှစ်သောင်းကျော်ဟာ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကနေ အင်အားတထောင်ဝန်းကျင်သုံးပြီး ကလေး - နတ်ချောင်း - ချောင်းခွ - ဟားခါးလေး - ဝေဘူလ လမ်းကြောင်းအတိုင်း ဖလမ်းမြို့အထိ စစ်ကြောင်းထိုးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အခုဆိုရင် တိုက်ပွဲကာလသုံးလဝန်းကျင်အထိ ကြာမြင့်နေပြီလို့ ဆိုပါတယ်။
Read moreBorder News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၅။ စစ်မှုထမ်းဖို့ လူအင်အားမပြည့်မီတဲ့အတွက် ကျောက်ကပ်ဝေဒနာရှင်တွေအပါအဝင် ကျန်းမာရေးမကောင်းတဲ့လူငယ်တွေကိုပါ စစ်ကော်မရှင်တပ်က ဆရာဝန်တွေကိုလာဘ်ထိုးကာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့ သိရပါတယ်။ အာရက္ခတပ်တော် (AA) ဆီအလင်းဝင်လာတဲ့ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောပြချက်အရ သူဟာကျောက်ကပ်မှာကျောက်တည်နေတာမို့ ခွဲစိတ်ကုသထားရသူဖြစ်ပြီး လိုအပ်တဲ့ဆေးလက်မှတ်တွေ အပြည့်အစုံရှိပေမယ့်လည်း စစ်ကော်မရှင်ကအတင်းအဓမ္မ စစ်ထဲသွင်းခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်တော့်ကို ဆေးစစ်တဲ့အချိန်မှာ ကျောက်ကပ်ခွဲထားရတဲ့ ဆေးလက်မှတ်တွေအကုန်ပြပေမယ့် ဆေးစစ်တဲ့လူက ဆေးမအောင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အရာရှိတွေကဆရာဝန်တွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်ပြီး ကျွန်တော့်ကို အတင်းဆေးအောင်တယ်ဆိုပြီး လက်မှတ်ထုတ်ပေးခဲ့တာပါ။" လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ လစဉ်ပေးပို့ရမယ့် စစ်မှုထမ်းအင်အားမပြည့်မီတာမို့ ကျန်းမာရေးချို့တဲ့သူတွေကိုပါ မဖြစ်မနေ ထည့်သွင်းနေတာဖြစ်ပြီး သင်တန်းကာလအတွင်း နေမကောင်းဖြစ်တာတောင် "လိမ်နေတယ်" ဆိုပြီး ဆေးကုသခွင့်မပေးဘဲ အတင်းအဓမ္မလေ့ကျင့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ သူစစ်မှုထမ်းအပတ်စဉ် ၁၆ မှာ လူပေါင်း ၆၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ ၉၀ ရာခိုင်နှုန်းခန့်ဟာ အတင်းအဓမ္မစုဆောင်းခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာကဖြစ်ပြီး စစ်ကော်မရှင်ဆီ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ကျောက်ကပ်ဝေဒနာခံစားနေရသူတဦးဖြစ်ပြီး မအီဆေးရုံကနေ ရန်ကုန်ကိုဆေးလာကုရင်း လမ်းမှာစစ်ကော်မရှင်တပ်ဖမ်းဆီးတာခံလိုက်ရတာလို့ ဆိုပါတယ်။
Read moreBorder News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅ ။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ခြမ်း သစ်စေးကုန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်ငယ်တပါးအပါအဝင်ခြောက်ဦး သေဆုံးသွားခဲ့ပါတယ်။ အဲဒီတန့်ဆည်မြို့နယ်၊ မြောက်ခြမ်းရှိ သစ်စေးကုန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့ မနက်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ ကိုရင်ငယ်တပါးအပါအဝင် အရပ်သားငါးဦးသေဆုံးသွားပြီး ဘုန်းတော်ကြီးကျောင်းလည်းပျက်စီးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီထဲအမျိုးသားတဦး၊ အမျိုးသမီးသုံးဦးသေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိထားပြီး နောက်ထက်ကိုရင်ငယ်တပါးရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ ဆိုကြပါတယ်။ စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေက ဒေသခံပြည်သူတွေကို ရွယ်ရည်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေသေဆုံး၊ ဒဏ်ရာရနေကြပါတယ်။
Read moreBorder News Agency ကချင်ပြည်၊ ဖေဖော်ဝါရီ ၅။ ကချင်ပြည်နယ်မှာ ဒီနေ့ကျရောက်တဲ့ ၆၅ နှစ်မြောက်ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ အာရက္ခတပ်တော် (ULA/AA) အပါအဝင်ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ PSLF / TNLA နဲ့ MNTJP / MNDAA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။ အဲဒီသဝဏ်လွှာမှာ အာရက္ခတပ်တော်အပါအဝင် မဟာမိတ်အဖွဲ့တွေက အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ အမျိုးသားရေးဆိုင်ရာနစ်နာချက်တွေကို ပြန်လည်ရရှိဖို့အတွက် လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်လာခဲ့တာဟာ နှစ်ပေါင်းကြာရှည်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတော်လှန်ရေးကာလ ၆၅ နှစ်အတွင်းမှာ အသက်၊ ခန္ဓာနဲ့ ဘဝပေါင်းများစွာပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ ကချင့်ဇာနည် သူရဲကောင်းအပေါင်းကို အာရက္ခတပ်တော်နဲ့ မဟာမိတ်အဖွဲ့တွေက လေးလေးနက်နက်ဦးညွှတ်အလေးပြုတယ်လို့လည်း ဆိုပါတယ်။ အဲဒီအပြင် ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်လပ်ရေးတပ်မတော် (KIO / KIA) ဟာ မြန်မာ့တော်လှန်ရေး အဖွဲ့အစည်းတွေထဲမှာ စံနမူနာပြတော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေတဲ့အဖွဲ့အစည်းဖြစ်ပြီး ကချင်တော်လှန်ရေး ရည်မှန်းချက်တွေ အမြန်ဆုံးအောင်မြင်ပြီးဆုံးဖို့အတွက်လည်း ဆုတောင်းပေးထားပါတယ်။ နောက်ပြီး မျှော်မှန်းထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ကချင်ပြည်သူတွေလိုလားတောင်းတနေတဲ့ ရည်မှန်းချက်တွေ အမြန်ဆုံးပြည့်ဝပါစေဆိုပြီး အာရက္ခတပ်တော်က ညီနောင်မဟာမိတ်တွေနဲ့အတူ ဆန္ဒပြုထားပါတယ်။
Read moreBorder News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ကျောင်းသားတွေနဲ့ပြည်သူတွေကို လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ် ကာကွယ်ရေး အသိပညာပေးသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလှုပ်ရှားမှုကို အရာတော်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတွေနဲ့ ဒေသရှိလက်နက်ကိုင်တော်လှန်ရေအင်အားစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဟောပြောပွဲမှာ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီဒီယိုတွေပြသတာ၊ ကာကွယ်ရေးနည်းလမ်းတွေကို လက်တွေ့သရုပ်ပြဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအပြင် ဗုံးခိုကျင်းတည်ဆောက်ပုံလမ်းညွှန်နဲ့ အသိပညာပေးလက်ကမ်းစာစောင်၂၀၀ ကို ပြည်သူတွေဆီဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။
Read moreHey! Don't Copy my content.