Border News Agency မာတီစီးတီး၊ ဖေဖော်ဝါရီ ၂၀ ဖိလစ်ပိုင်နိုင်ငံ၊ ဒါဗာအိုအိုရီယမ်တယ် (Davao Oriental) ပြည်နယ်၊ မာတီစီးတီး (Mati City) မှာ ဖေဖော်ဝါရီလ၂၀ ရက်၊ ဒီနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ်တလုံးမြေပိသွားတာကြောင့် မိသားစုတစုလုံးသေဆုံးသွားခဲ့တယ်လို့ မာတီစီးတီးမီးသတ်စခန်းက ထုတ်ပြန်ထားပါတယ်။ အဲဒီမြေပြိုမှုအတွင်း သေဆုံးသူတွေဟာ အသက် ၄၀ အရွယ် အမျိုးသားတဦး၊ အသက် ၃၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် ၁၃ နှစ်နဲ့ ၅ နှစ်အရွယ် သမီးငယ်နှစ်ဦးတို့ဖြစ်ပြီး မိသားစုဝင် စုစုပေါင်း ၄ ဦးစလုံး သေဆုံးသွားခဲ့တာပါ။ အဲဒီမိသားစုဟာ မာတီစီးတီးရှိ Upper Salazar အရပ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး မနက်အစောပိုင်း အိပ်ပျော်နေတဲ့အချိန်မှာ နေအိမ်နောက်ဘက်က တောင်စောင်းပြိုကျပြီး မြေပိခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအပြင် ဒါဗာအိုဒေသ (Davao Region) အတွင်းမှာ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြေပြိုမှုတွေဆက်တိုက်ဖြစ်ပွားနေပြီး မာတီစီးတီးက ၄ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီအပြင် မွန်ကာယို (Monkayo) မြို့မှာလည်း ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းကမြေပြိုမှုကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ရာ လက်ရှိမှာသေဆုံးသူ စုစုပေါင်း ၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ မြေပြိုမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာကို ချက်ချင်းသွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့ကြပေမယ့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုသာ ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအပြင် လက်ရှိမှာလည်း ဒေသတွင်းမိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတာကြောင့် တောင်စောင်းအနီး နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို အထူးသတိပြုကြဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက သတိပေးထားပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၂၀ ။ ထိုင်း - မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်က အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ကားအတွင်းပြည့်ကျပ်စွာတင်ဆောင်လာတဲ့ ဘတ်မှူးကိုင်ဆောင်ထားသူ အမျိုးသားတဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ လဝကရဲတပ်ဖွဲ့ဟာ သတင်းပေးပို့ချက်အရ စောင့်ဆိုင်းစစ်ဆေးနေစဉ်အတွင်း မယ်ဆိုင်မြို့နယ်၊ ဝေယန်ဖန်ခမ်းကျေးရွာအနီးမှာ နီဆန်း (Nissan) အနီရောင်ကားတစီးကို တားဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ယာဉ်မောင်းဖြစ်သူ အသက် ၂၅ နှစ်အရွယ်နိုင်ကွန်းနဲ့အတူ ကားထဲမှာပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာအမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အဲဒီ ယာဉ်မောင်းဖြစ်သူက သူ့ရဲ့အလုပ်ရှင်တဦးဟာ ချစ်ကြည်ရေးတံတား ၁ အနီးမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ချင်းရိုင်မြို့ထဲပို့ဆောင်ပေးဖို့ စေခိုင်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။ အဲဒီအပြင် သူကပို့ဆောင်ခအဖြစ် တဦးကို ဘတ် ၅၀ ပဲ ရရှိတယ်လို့ ထွက်ဆိုထားပေမယ့် လဝကရဲ့ စုံစမ်းချက်အရ ပွဲစားခဟာ တဦးကို ဘတ် ၈,၀၀၀ ကနေ ၁၅,၀၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ယာဉ်မောင်းဖြစ်သူကို တရားမဝင်ကူညီသယ်ဆောင်မှုနဲ့ အရေးယူထားပြီး ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၈ ဦးကိုတော့ နေရပ်ပြန်ပို့ဖို့အတွက် စီစဉ်နေတယ်လို့သိရပါတယ်။ အဲဒီလုပ်ငန်းစဉ်နောက်ကွယ်က ကြိုးကိုင်သူ နိုင်တန် ဆိုသူကိုလည်း အာဏာပိုင်တွေက ဆက်လက်ရှာဖွေနေပါတယ်။ ဖေဖော်ဝါရီလအတွင်း ထိုင်း - မြန်မာနယ်စပ်တလျှောက် တရားမဝင်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေဟာ ရာနဲ့ချီ ရှိနေပြီလို့ သိရပါတယ်။
Read moreBorder News Agency ကာလီဖိုးနီးယား၊ ဖေဖော်ဝါရီ ၂၀။ ကာလီဖိုးနီးယားပြည်နယ်ရဲ့ ခေတ်သစ်သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးဆီးနှင်းတောင်ပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေတယ်လို့ နီဗားဒါးခရိုင် ရဲအရာရှိ Shannan Moon က ဖေဖော်ဝါရီလ ၁၉ ရက်၊ မနေ့ကသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။ မိုးလေဝသပညာရှင်တွေနဲ့ နီဗားဒါးခရိုင်ရဲအရာရှိ Shannan Moon တွေက ဒီနှစ်အတွင်း အပြင်းထန်ဆုံးဆီးနှင်းမုန်တိုင်း ကျရောက်မှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက်ကတည်းက ကြိုတင်သတိပေးထားခဲ့တာပါ။ အဲဒီနှင်းမုန်တိုင်းဟာ ကာလီဖိုးနီးယားပြည်နယ်၊ Truckee မြို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Blackbird Mountain Guides ကုမ္ပဏီက လမ်းပြ ၄ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦးကို Donner Pass အထက်ရှိတောင်စောင်းဆီကို ပို့ဆောင်ခဲ့တာကြောင့် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ အဲဒီအပြင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မထင်မှတ်ဘဲဆီးနှင်းတောင်ပြိုကျမှု (Avalanche) ဖြစ်ပွားလို့ အဖွဲ့ဝင်တွေ ဆီးနှင်းအောက်မှာ ပိတ်မိခဲ့တာပါ။ နှင်းမုန်တိုင်းပြင်းထန်တာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ နှင်းလျှောစီးကာ ၆ နာရီကြာခက်ခဲစွာ ခရီးနှင်ခဲ့ရပါတယ်။ အဲဒီနောက် ညနေ ၅ နာရီခွဲမှာတော့ အသက်ရှင်ကျန်ရစ်သူ ၆ ဦးဆီကိုရောက်ရှိခဲ့ပြီး ၂ ဦးကို ဆေးရုံကိုပို့ဆောင်ထားရကာ ပျောက်ဆုံးနေသူ ၉ ဦး ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒီအပြင် သေဆုံးသူ ၈ ဦးရှိခဲ့ပြီး ရုပ်အလောင်းတွေကိုတော့ ရာသီဥတုဆိုးရွားတဲ့အတွက် တောင်ပေါ်ကနေမသယ်ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ အဲဒီ ဆိုးရွားတဲ့ဆီးနှင်းတောင်ပြိုကျမှုတခုလည်း ဆွစ်ဇာလန်နိုင်ငံ (Swiss Alps) မှာ ဖြစ်ခဲ့ပါတယ်။ ပြိုကျလာတဲ့ဆီးနှင်းထုကြီးက မောင်းနှင်လာတဲ့ရထားတစင်းကို တိုက်ရိုက်ရိုက်ခတ်ခဲ့တဲ့ ထိတ်လန့်ဖွယ်ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်နေပါတယ်။ နီဗားဒါးခရိုင် ရဲအရာရှိ Shannan Moon က လမ်းပြကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တွေကို စုံစမ်းစစ်ဆေးနေပါတယ်။ အဲဒီအပြင် Placer ခရိုင်ရဲအရာရှိ Wayne Woo ကလည်း မုန်တိုင်းမပြီးမချင်း တောင်တန်းဒေသဆီကို လာရောက်တာမျိုးမလုပ်ကြဖို့ အလေးအနက်သတိပေးထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၀။ ထိုင်းနိုင်ငံမှာ လာမယ့်ဖေဖော်ဝါရီလ၂၃ ရက်ကနေ ၂၅ ရက်အတွင်း ပြင်းထန်တဲ့နွေရာသီမုန်တိုင်း (Summer Storm) ကျရောက်နိုင်ပြီး ခရိုင်ပေါင်း ၁၈ ခုမှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန (TMD) က ဖေဖော်ဝါရီလ ၂၀ ရက်၊ ဒီနေ့မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံဟာ လာမယ့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစတင်ပြီး နွေရာသီကို တရားဝင်ကူးပြောင်းတော့မှာပါ။ အခုလို ရာသီကူးပြောင်းချိန်အတွင်း ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၅ ရက်အထိ ထိုင်းနိုင်ငံအထက်ပိုင်းမှာ မိုးသက်လေပြင်းကျတာ၊ လျှပ်စီးလက်တာတွေနဲ့အတူ အချို့နေရာတွေမှာ မိုးသီးကြွေတာတွေအထိ ဖြစ်ပေါ်နိုင်တာကြောင့် ပြည်သူတွေကြိုတင်ပြင်ဆင်ထားကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ၂၀ ရက်မှာဆိုရင် မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့တောင်ပိုင်းရှိ ခရိုင် ၁၈ ခုမှာ မိုးရွာဖို့အလားအလာရှိနေပါတယ်။ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ လန်ပွန်၊ လန်ပန်းနဲ့ တာ့ခ်ခရိုင်တို့မှာ မိုးရွာဖို့ ၁၀ ရာခိုင်နှုန်းရှိပြီး တောင်ပေါ်ဒေသတွေမှာ အေးမြမှုကိုခံစားရနိုင်ပါတယ်။ ဒါ့အပြင် ချောင်ဘူရီ၊ ရယောင်း၊ ကျန်သဘူရီနဲ့ ထရတ်ခရိုင်တို့မှာလည်း နေ့အပူချိန်ပြင်းတာကြောင့် မိုးရွာဖို့ အလားအလာ ရှိနေတာပါ။ တောင်ပိုင်းက ဆူရတ်သနီ၊ နခွန်စီသမာရတ်၊ ပတ်သလုံ၊ ယဲလာ၊ နာရသီဝပ်နဲ့ ပတ္တနီခရိုင်တို့မှာလည်း မိုးရွာဖို့ ၂၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ နေ့အပူချိန်ဟာ အမြင့်ဆုံး ၃၆ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိနိုင်ပြီး ရာသီဥတုပူပြင်းမှာဖြစ်ပါတယ်။ ထိုင်းပင်လယ်ကွေ့အောက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာခန့်ရှိနိုင်ပြီး မိုးသက်လေပြင်းကျချိန်မှာ လှိုင်းပိုကြီးနိုင်တာကြောင့် ရေလုပ်သားတွေနဲ့ သင်္ဘောငယ်တွေသတိပြုကြဖို့ ထပ်မံအသိပေးထားပါတယ်။ ရာသီဥတု ရုတ်တရက်ပြောင်းလဲတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးကိုဂရုစိုက်ကြဖို့နဲ့ လေပြင်းဘေးကနေ ကင်းဝေးစေဖို့ အဆောက်အအုံတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ ခိုင်ခံ့မှု ရှိ၊ မရှိ စစ်ဆေးထားကြဖို့ လိုအပ်တယ်လို့ ထိုင်းမိုးဇလ (TMD) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read moreBorder News Agency တောင်ကိုးရီးယား၊ ဖေဖော်ဝါရီ ၁၉။ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယော (Yoon Suk Yeol) ကို ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁၉ ရက်၊ ဒီနေ့မှာ အလုပ်ကြမ်းနဲ့တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေကသိရပါတယ်။ အဲဒီ ယွန်းဆော့ယောဟာ စစ်တပ်ကိုအသုံးပြုပြီး လွှတ်တော်ကိုပိတ်ဆို့တာ၊ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီးဖို့ကြိုးပမ်းတာတွေအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် သူနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟျွန်းကိုလည်း ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးအပြင်ဘက်မှာ လူထုအုပ်စုနှစ်စုကအပြိုင်အဆိုင် ဆန္ဒပြခဲ့ကြပါတယ်။ ဒီမိုကရေစီကို ဖျက်ဆီးသူတွေကို အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့တောင်းဆိုပြီး အောင်ပွဲခံသူတွေရှိသလို တချို့ကလည်း ဒီစီရင်ချက်ဟာ နိုင်ငံရေးအရလက်စားချေတာဆိုပြီး "ယွန်းကို နောက်တစ်ကြိမ် အလိုရှိတယ်" လို့ ကြွေးကြော်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။ ယွန်းဆော့ယောဟာ တောင်ကိုရီးယား ဒီမိုကရေစီခေတ်မှာ ပုန်ကန်မှုနဲ့တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျတဲ့ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်လာပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ရှေ့နေအဖွဲ့က ဒီစီရင်ချက်ကိုလက်မခံဘဲ အယူခံဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ စန္ဒပူရီခရိုင်၊ ပေါင်နမ်ရွန်မြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၅ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၆ ဦးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရေတပ်က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီဖမ်းဆီးမှုကို စန္ဒပူရီနဲ့ ထရတ် နယ်စပ်ကာကွယ်ရေးဌာနချုပ် (CPCT) က ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ တရားခံတွေနဲ့အတူ လက်ကိုင်ဖုန်း ၂၇၀ လုံး၊ SIM ကတ်တွေနဲ့ နိုင်ငံခြားငွေစက္ကူမျိုးစုံကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့တာပါ။ ထိုင်းရေတပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ပါရတ်ရတ်တနချိုင်းဖန်ရဲ့ ပြောကြားချက်အရ ဖမ်းဆီးရမိသူတွေဟာ ကမ္ဘောဒီးယားအခြေစိုက်ကျားဖြန့် (Cyber Scam) ဂိုဏ်းဝင်တွေဖြစ်ပြီး နယ်စပ်ဒေသကိုအခြေပြုကာ ကမ္ဘာတဝှမ်းကိုစနစ်တကျလိမ်လည်လှည့်ဖြားနေသူတွေဖြစ်တယ်လို့ သိရပါတယ်။ အခုလို လုပ်ရပ်တွေဟာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေအကြား ပူးပေါင်းနှိမ်နင်းကြဖို့ကိုလည်း ထိုင်းရေတပ်က တိုက်တွန်းထားပါတယ်။ အဲဒီ ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဌာနဆီ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency (BNA) ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ ဖိကျစ်ခရိုင်၊ ဝချိရဘာရမီမြို့နယ်ရှိ အမှတ် ၁၁၇ အဝေးပြေးလမ်းမှာ တရားမဝင်မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့မှောင်ခိုယာဉ် ၃ စီးကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က ဖေဖော်ဝါရီလ ၁၆ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီဖမ်းဆီးမှုအတွင်း လမ်းပြနဲ့ယာဉ်မောင်းတွေဖြစ်တဲ့ နိုင်ဆိုင်နန်၊ နိုင်ဂျိုင်းအောင်နဲ့ နိုင်ဆုကဲတို့ သုံးဦးအပါအဝင် အထောက်အထားမဲ့မြန်မာနိုင်ငံသား ၂၅ ဦး၊ စုစုပေါင်း ၂၈ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီ မှောင်ခိုယာဉ် ၃ စီးမှာ လူခွဲတင်ဆောင်လာတာဖြစ်ပြီး ရှေ့ဆုံးက Mazda အမျိုးအစားကားက ရဲကင်း ရှိ၊ မရှိ စောင့်ကြည့်ပေးတဲ့လမ်းပြကားအဖြစ် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ယာဉ်မောင်းတွေက တခေါက်ကို ဘတ် ၅,၀၀၀ စီရရှိပြီး အခုလိုလုပ်ကိုင်နေတာ ၅ ကြိမ်ထက်မနည်း ရှိပြီလို့ ဝန်ခံထားပါတယ်။ မြန်မာလုပ်သားတွေကတော့ မယ်ဆိုင်နယ်စပ်ရှိ သဘာဝပေါက်ကနေတဆင့် ခိုးဝင်လာတာဖြစ်ပြီး ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့အတွက် ပွဲစားခအဖြစ်တဦးကို ဘတ် ၈,၅၀၀ စီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရအရေးယူနိုင်ဖို့ ဝချိရဘာရမီရဲစခန်းဆီ ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ သာချလွန်မြို့နယ်ရှိ နာရီစင်အနီးမှာ ဈေးရောင်းနေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဦးကို ခရိုင်အလုပ်သမားရုံး၊ ISOC နဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တွေက ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီပူးပေါင်းအဖွဲ့တွေဟာ နိုင်ငံခြားသားတွေ ဝင်ရောက်လုပ်ကိုင်နေတာ ရှိ၊ မရှိ သိရဖို့အတွက် လမ်းဘေးဈေးသည်တွေကို ကွင်းဆင်းစစ်ဆေးရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားနှစ်ဦးမှာ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မတွေ့ရှိရတဲ့အပြင်၊ နိုင်ငံခြားသားလုပ်သား စီမံခန့်ခွဲမှုဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။ အခုလို ဖမ်းဆီးတာတွေဟာ စမွတ်စခွန်ခရိုင်အတွင်းမှာ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ လမ်းဘေးဈေးရောင်းတာမျိုးတွေ မလုပ်ဖို့တားမြစ်ထားတာကို ကြပ်မတ်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ဒေသခံအာဏာပိုင်တွေကတော့ နယ်မြေအတွင်းမှာ တရားမဝင်အလုပ်လုပ်ကိုင်နေသူတွေကို ဆက်တိုက် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိမိတို့ကိုင်ဆောင်ထားတဲ့ အလုပ်လုပ်ခွင့်လက်မှတ်မှာ သတ်မှတ်ထားတဲ့အလုပ်အကိုင်အမျိုးအစားနဲ့ လုပ်ငန်းခွင်နေရာတွေမှာပဲ လုပ်ကိုင်ကြဖို့နဲ့ အလုပ်ရှင်အမည်ပေါက် မှန်ကန်ဖို့ကိုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက အမြဲသတိပေးနေကြပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ထိုင်းနိုင်ငံ၊ လွယ်ပြည်နယ် (Loei) အတွင်း အွန်လိုင်းကတဆင့် တရားမဝင်လက်နက်တွေရောင်းချနေတဲ့ လူငယ်တဦးနဲ့ လက်နက်ပြုပြင်ပေးသူ အမျိုးသားတဦးကို ဆိုက်ဘာရဲတပ်ဖွဲ့ (CCIB) က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေဟာ Facebook ပေါ်မှာ .38 လက်လုပ်သေနတ်ကို ဘတ် ၁၈,၀၀၀ နဲ့ ရောင်းချဖို့ပို့စ်တင်ခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကလောက်ဆိုသူက သေနတ်လာရောက်ပို့ဆောင်စဉ် နောင်ဟင်းမြို့နယ်အတွင်းရှိ လမ်းဘေးပြုပြင်ရေးဆိုင်တခုအနီးမှာ အာဏာပိုင်တွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူ ကလောက်ရဲ့ ထွက်ဆိုချက်အရ လက်နက်ပြုပြင်ပေးသူ အသက် ၅၇ နှစ်အရွယ် ဆရာပုန်း ဆိုသူကိုလည်း သူရဲ့နေအိမ်မှာ ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီတရားခံတွေနဲ့အတူ လက်လုပ်သေနတ် ၄ လက်၊ ကျည်ဆံတွေ၊ သေနတ်ကိုယ်ထည် ၂ ခု၊ ကျည်အိမ် ၅ ခုနဲ့ လက်နက်အစိတ်အပိုင်း အများအပြားကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံးကို တရားမဝင်လက်နက်ခဲယမ်းလက်ဝယ်ထားရှိမှု၊ ပူးပေါင်းရောင်းချမှုတို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၁၉။ ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တလျှောက်ရှိ ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်း သစ်တောတွေမှာ တောမီးလောင်ကျွမ်းမှုကြောင့် တောရိုင်းတိရစ္ဆာန်ရာနဲ့ချီ မီးထဲမှာပိတ်မိသေဆုံးနေတယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ တောမီးလောင်ကျွမ်းမှုဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ဥဒ္ဒရမိန်ကျေ၊ ဗန်တေးမိန်ကျေနဲ့ ပရိဝိဟာပြည်နယ်ရှိ နယ်စပ်တလျှောက် သစ်တောတွေမှာဖြစ်ပွားနေတာပါ။ ဒီတောမီးလောင်မှုဟာ ကမ္ဘောဒီးယားစစ်သားတွေက နယ်စပ်ရှေ့တန်းရှိ ထိုင်းစစ်တပ်ရဲ့လှုပ်ရှားမှုတွေကို နှောင့်ယှက်ဖို့နဲ့ မြင်ကွင်းတွေပိတ်ဆို့ဖို့အတွက်ရည်ရွယ်ပြီး တောမီးရှို့မှုတွေလုပ်ဆောင်ခဲ့ရာကနေ စတင်ခဲ့တာလို့သိရပါတယ်။ ဖနွန်ကူလန် အမျိုးသားဥယျာဉ်မှ သစ်တောအရာရှိတဦးကတော့ တောမီးရှို့မှုကြောင့် စပါးကြီးမြွေကြီးတွေအပါအဝင် တောရိုင်းတိရစ္ဆာန်လေးတွေဟာ မီးဘေးကမလွတ်ဘဲ အလွန်သနားစရာကောင်းအောင် သေဆုံးနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိရစ္ဆာန်တွေရဲ့အိုးအိမ်ဖြစ်တဲ့ သစ်တောတွေကိုမဖျက်ဆီးကြဖို့ကိုလည်း သူကဆက်လက်တောင်းဆိုထားပါတယ်။ ဒီတောမီးရှို့မှုကြောင့် သစ်တောအတွင်းရှိ တောရိုင်းတိရစ္ဆာန် အမျိုးအစားပေါင်းများစွာဟာ မီးဘေးလွတ်ရာကို မပြေးနိုင်ဘဲ မီးပုံအတွင်းပိတ်မိကာ အရှင်လတ်လတ် မီးလောင်ကျွမ်းသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read moreHey! Don't Copy my content.