ဓာတ်ပုံသတင်း

ချက်ကန်ရွာဘုရားပွဲကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူဆယ်ဦးသေဆုံး 

Border News Agency  မကွေး၊​ ဖေဖော်ဝါရီ ၁၁။ ​မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချက်ကန်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၀ ရက်၊ မနက်ပိုင်းက ရွာဘုရားပွဲကျင်းပနေတုန်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားဆယ်ဦးသေဆုံးသွားပါတယ်။ အဲဒီ ချက်ကန်ကျေးရွာကို အဲဒီနေ့မနက် ၁၁ နာရီအချိန်ခန့်က အနီးနားရှိကပစ ၂၂ ကနေ ပါရာမော်တာနှစ်စီး၊ မကွေးလေတပ်ကတိုက်လေယာဥ်သုံးစီးနဲ့ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။ ​အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိအချိန်အထိဆယ်ဦးသေဆုံးတယ်လို့ အတည်ပြုနိုင်ထားသလို ရှစ်ဦးလည်းဒဏ်ရာအပြင်းအထန် ရရှိထားပါတယ်။  ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတဲ့အတွက် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ပါတယ်။ အဲ​ဒီတိုက်ခိုက်မှုဟာ ဒေသတွင်းမှာဘာတိုက်ပွဲမှဖြစ်ပွားနေတာမရှိဘဲ အရပ်သားတွေကိုပဲ ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီချက်ကန်ကျေးရွာဟာ အိမ်ခြေငါးရာကျော်ရှိတဲ့ ကျေးရွာကြီးတရွာလည်း ဖြစ်ပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်တာတွေများနေတာမို့ ပြည်သူတွေအနေနဲ့ လူစုလူဝေးလုပ်တာ၊ ပွဲလမ်းသဘင်နဲ့အလှူအတန်းကျင်းပတာတွေကိုရှောင်ကြဉ်ကြဖို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်ကအသိပေးထားပါတယ်။ ​အဲဒီချက်ကန်ရွာသားတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး မြေပြင်အခြေအနေအရ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့သိရပါတယ်။

Read more

အင်းတော်မြို့နယ်မှာ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး

Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁။ ​စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့နဲ့ မြို့နယ်တရားရုံးတို့ပူးပေါင်းပြီး ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အင်းတော်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ​အဲဒီ မီးရှို့ဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါးတွေဟာ တရားရုံးကနေအပြီးသတ်စီရင်ချက်ချပြီးသား အမှုတွေက သက်သေခံပစ္စည်းတွေဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ​ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါး ပမာဏတွေကတော့ ဘိန်းဖြူ ၁၇၄၁ ဂရမ်ကျော်၊ ဘိန်းမဲ ၁၉ ကီလိုဂရမ်ကျော်နဲ့ ရာမ (စိတ်ကြွဆေးပြား) ၁၇၁၃ ဂရမ်ကျော်တို့ ဖြစ်ပါတယ်။ ​ဒီမူးယစ်ဆေးဝါးဖျက်ဆီးတဲ့ အခမ်းအနားကို NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးကိုယ်တိုင် တက်ရောက်စစ်ဆေးခဲ့တာပါ။ ​အဲဒီအပြင် ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်နဲ့အတူ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊လုံခြုံရေးတပ်ဖွဲ့နဲ့ တရားရေးဌာနက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Read more

​ကူးတို့သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၅၁ ဦးအထိရှိလာ

​Border News Agency ဖိလစ်ပိုင်၊ ဖေဖော်ဝါရီ ၁၁။ ​ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ ဘာစီလန်ပြည်နယ်၊ ဘာလွတ် - ဘာလွတ်ကျွန်းအနီးမှာနစ်မြုပ်သွားတဲ့ MV Trisha Kerstin 3 ကူးတို့သင်္ဘောကိုရှာဖွေရာမှာ ဖေဖော်ဝါရီလ ၁၀ ရက်၊ မနေ့မနက်ပိုင်းက ရုပ်အလောင်း ၅ လောင်း ထပ်တွေ့ခဲ့ပါတယ်။ အဲဒါကြောင့် အခုဆိုရင်စုစုပေါင်းသေဆုံးသူအရေအတွက်ဟာ ၅၁ ဦးအထိရှိလာပြီလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ဖေဖော်ဝါရီလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီ​ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နည်းပညာပိုင်းဆိုင်ရာရေငုပ်အဖွဲ့ဟာ ရေအနက်ပေ ၁၈၀ လောက်ရှိတဲ့ သင်္ဘောနစ်နေတဲ့နေရာအထိ ဆင်းပြီးရှာဖွေခဲ့တာပါ။ အခုတွေ့တဲ့ရုပ်အလောင်းတွေကိုတော့ သင်္ဘောရဲ့ ပထမထပ်အိပ်ဆောင်ထဲကနေ ဆယ်ယူခဲ့တာဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ဖို့ဇန်ဘိုအန်ဂါမြို့ ဆိပ်ကမ်းကိုပို့ဆောင်ထားပါတယ်။ ​ဒီကူးတို့သင်္ဘောပေါ်မှာ ခရီးသည်နဲ့အမှုထမ်း စုစုပေါင်း ၃၅၀ ကျော်လိုက်ပါလာတာဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၆ ရက် မနက်ပိုင်းက စတင်နစ်မြုပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ရှာဖွေကယ်ဆယ်ရေးတွေကို နှစ်ပတ်နီးပါးဆက်တိုက်လုပ်ဆောင်ခဲ့ရာမှာ ဒီနေ့အထိလူပေါင်း ၃၁၆ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ PCG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ​ရေငုပ်အဖွဲ့ကြီးကြပ်ရေးမှူး Commander Cheska Jamorol ရဲ့ ပြောပြချက်အရ သင်္ဘောဟာရေအောက်ခြေမှာ ဘေးတိုက်အနေအထားနဲ့ နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ရေငုပ်သမားတွေဟာ အသက်အန္တရာယ်ရှိတဲ့ကြားကနေ သင်္ဘောအတွင်းပိုင်းထဲအထိဝင်ပြီး ကျန်နေနိုင်သေးတဲ့ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေကြပါတယ်။ ​ဒီသင်္ဘောနစ်မြုပ်မှုဟာ ၂၀၂၆ ခုနှစ်အတွင်း ဖိလစ်ပိုင်မှာအဆိုးရွားဆုံး မတော်တဆမှုတခု ဖြစ်လာခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေ ကျန်ရှိနေနိုင်သေးတဲ့အတွက် ရှာဖွေရေးလုပ်ငန်းတွေကို မရပ်နားဘဲဆက်လုပ်နေတယ်လို့ သိရပါတယ်။

Read more

​ကလေးမြို့မှာ အာဏာသိမ်း ၅ နှစ်ပြည့် စစ်အာဏာရှင်ကိုဆန့်ကျင်

Border News Agency  ကလေး၊​ ဖေဖော်ဝါရီ ၁၁။ ​စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အဖြစ် ကလေးမြို့နယ်အတွင်းက ကျေးလက်ဒေသမှာ ပြည်သူတွေစုပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဖေဖော်ဝါရီ ၁၀ ရက်၊ မနေ့ကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ​"ကလေးမြို့က တော်လှန်ဆဲ ပုန်ကန်ဆဲ" ဆိုတဲ့အတိုင်း ဒေသခံပြည်သူတွေဟာ အခုထက်ထိအသံမတိတ်၊ အလံမလိပ်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့အတူ အကြမ်းဖက်စစ်တပ်ကို တစိုက်မတ်မတ် တော်လှန်နေကြတယ်လို့ဆိုပါတယ်။ ​စစ်အုပ်စုရဲ့ ဖိနှိပ်မှုကို ငြိမ်ခံမနေဘဲ"ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်" ကြဖို့နဲ့ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးမြှင့်တင်ပြီး ရရာကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြဖို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Read more

စမွတ်စခွန်က မော်တော်ယာဉ်စက်ရုံမီးလောင်လို့ မြန်မာလုပ်သားအပါအဝင်ဆယ့်​​လေးဦး ဒဏ်ရာရ

Border News Agency  ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၁။ ​ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ အွမ်နွိုင်းမြို့က ASA Motor Parts မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ ဖေဖော်ဝါရီလ ၁၀ ရက်၊ ညနေပိုင်းက ပြင်းထန်စွာပေါက်ကွဲမီးလောင်မှုဖြစ်ပွားပြီး အလုပ်သမားဆယ့်လေးဦး ဒဏ်ရာရသွားခဲ့ပါတယ်။ ​အဲဒီစက်ရုံအတွင်း မော်တော်ယာဉ် တာယာခွေ (Rims)ထုတ်လုပ်ဖို့ မဂ္ဂနီဆီယမ်တွေ အရည်ကျိုနေတုန်း မီးပွားထွက်ရာကနေ ပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီမဂ္ဂနီဆီယမ်ဟာ ရေနဲ့ထိရင် ပိုမိုပေါက်ကွဲတတ်တာကြောင့် မီးငြှိမ်းသတ်ရာမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အဲဒီ​ပေါက်ကွဲမှုကြောင့် အနီးနားက အလုပ်သမားဆယ့်လေးဦး မီးလောင်ဒဏ်ရာရခဲ့ပြီး အဲဒီထဲကရှစ်ဦးကတော့ ခန္ဓာကိုယ်တခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့တာကြောင့် အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို ကသွမ်ဘန်၊ ဗီချိုင်းယွတ် အွမ်နွိုင်းနဲ့ မဟာချိုင် ၂ ဆေးရုံတွေကို အသီးသီး ပို့ဆောင်ထားပါတယ်။ အဲဒီ​မီးငြှိမ်းသတ်ရာမှာတော့ မဂ္ဂနီဆီယမ်မီးဖြစ်တာကြောင့် ရေကိုတိုက်ရိုက်မသုံးဘဲ ဓာတုအမြှုပ် (Chemical Foam) နဲ့ သဲမှုန့်တွေကိုသုံးပြီး နာရီပေါင်းများစွာ ငြှိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။ ​စမွတ်စခွန်ရဲတပ်ဖွဲ့က စက်ရုံကို ခေတ္တပိတ်ခိုင်းထားပြီး စက်ရုံပိုင်ရှင်နဲ့ တာဝန်ရှိသူတွေကို လုံခြုံရေးစည်းကမ်း ပျက်ကွက်မှုရှိ၊ မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။

Read more

အရာတော်ကကျောင်းသားတွေကို အကြမ်းဖက်မှုအကြောင်းဆွေးနွေးပြီး တော်လှန်ရေးမှာပါဝင်ဖို့ တိုက်တွန်း

Border News Agency  စစ်ကိုင်း၊​ ဖေဖော်ဝါရီ ၁၁။ ​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းက ပြည်သူ့အခြေပြုပညာရေးကျောင်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျောင်းသား၊ ကျောင်းသူတွေကို အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးတာနဲ့ တော်လှန်ရေးမှာပူးပေါင်းပါဝင်ဖို့ တိုက်တွန်းနှိုးဆော်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ​ဒီလှုပ်ရှားမှုကို အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကလေးငယ်တွေနဲ့အတူ (Game) ကစားတာတွေအပြင် အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြတာပါ။ ​အဲဒီအပြင် လက်ရှိတော်လှန်ရေးခရီးကြမ်းမှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အားမလျှော့ဘဲဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း အဖွဲ့ဝင်တွေကတိုက်တွန်းပြောကြားခဲ့ပါတယ်။ ​အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို အညာဒေသမှာ တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

Read more

ထိုင်းရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုပြီး မဲပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေဖြစ်ပွား

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၁၀။ ​ထိုင်းနိုင်ငံ၊ ချွန်ဘူရီနဲ့ မဟာဆာရာခမ်းပြည်နယ်တွေမှာ ရွေးကောက်ပွဲမဲရလဒ်အပေါ် မသမာမှုရှိနိုင်တယ်လို့ သံသယရှိနေကြပြီး မဲပြန်ရေတွက်ပေးဖို့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုနေကြပါတယ်။ အဲဒီ​ချွန်ဘူရီပြည်နယ်၊ နယ်မြေ ၁ က မဲရုံတွေမှာ မဲပုံးတွေကိုလုံခြုံရေးကြိုး (Seal) ပိတ်မထားတာအပြင် မဲရေတွက်ရာမှာသုံးတဲ့ စာရွက်စာတမ်းတချို့ကို အမှိုက်ပုံးထဲပစ်ထားတာမျိုးတွေတွေ့ရှိခဲ့ရလို့ ဝေဖန်မှုတွေပြင်းထန်နေတာပါ။ ​မဟာဆာရာခမ်းပြည်နယ်မှာလည်း ကိုယ်စားလှယ်လောင်းနှစ်ဦးရဲ့ မဲရလဒ်ကိုအတည်ပြုပြီးမှ ပြန်ပြင်ခဲ့တဲ့ဖြစ်စဉ်တခု ရှိခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်လောင်း နံပါတ် ၆ က ရရှိထားတဲ့ ၂,၉၃၀ မဲကနေ ၃,၀၇၉ မဲအထိတိုးသွားပြီး၊ နံပါတ် ၅ ကိုယ်စားလှယ်လောင်းကတော့ ၁,၂၀၀ မဲကနေ ၁,၁၉၉ မဲအဖြစ် တစ်မဲလျော့သွားခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မဲရေတွက်မှုအမှားတွေကို ပြန်စစ်ဆေးဖို့ပြုလုပ်ခဲ့တာသာဖြစ်တယ်လို့ တာဝန်ရှိသူတွေဘက်က တုံ့ပြန်ထားပါတယ်။ အဲဒီအပြင် ​ပြည်သူ့ပါတီ (People’s Party) ကတော့ နိုင်ငံတစ်ဝှမ်းက မဲမသမာမှုတွေကိုစောင့်ကြည့်ပေးနေတဲ့ ပြည်သူတွေကိုကျေးဇူးတင်ကြောင်းနဲ့ အထောက်အထားရှိရင် ပါတီထံပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။ ​ရွေးကောက်ပွဲကော်မရှင်ကတော့ မဲပြန်ရေတွက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျမပြောသေးပေမယ့် ချွန်ဘူရီပြည်နယ်က မဲရုံကိစ္စအတွက်အရေးကြီးဆုံးဖြတ်ချက်တခုကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ဒီ ညနေပိုင်းမှာ ထုတ်ပြန်လာနိုင်တယ်လို့ သိရပါတယ်။

Read more

ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားအများအပြားသေဆုံး

Border News Agency ပေါက်၊ ဖေဖော်ဝါရီ ၁၀။ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူတွေ အများအပြားသေဆုံးနေတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်မှ ဖေဖော်ဝါရီလ ၁၀ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ ပေါက်မြို့နယ်မှာ ဒီနေ့မနက် ၉ နာရီ ၅၈ မိနစ်အချိန်ခန့်က ကပစ ၂၂ မှ ပါရာမော်တာနဲ့ တကြိမ်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီ ၄၉ မိနစ်အချိန်ခန့်က မကွေးလေတပ်မှ တိုက်လေယာဥ်သုံးစီးနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ကော်မရှင်တပ်ဟာ ဘုရားပွဲကျင်းပနေချိန်မှာ ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အခုနှစ်ကာလတွေမှာ လူစုလူဝေးပြုလုပ်တာတွေ အထူးရှောင်ကြည်ဖို့လိုအပ်ပြီး နောက်ထပ်လည်း အခုဖြစ်စဉ်လိုမျိုး တိုက်ခိုက်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အလှူအတန်းတွေ၊ မင်္ဂလာဆောင် ၊ချစ်ကြည်ရေး ဘောလုံးပွဲတွေပြုလုပ်တာတွေ အထူးရှောင်ကြဖို့နဲ့ ပွဲလမ်းသဘင်တွေကို လူထုအနေနဲ့မသွားပဲနေသင့်တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်မှ အကြံပြုတိုက်တွန်းထားပါတယ်။

Read more

ဒွန်မောင်းလေဆိပ်မှာ ပတ်စပို့စစ်ဆေးတဲ့ အလိုအလျောက်စက်တွေ တပ်ဆင်

Border News Agency  ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၀။ ​ဘန်ကောက်ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်တွေပိုမိုမြန်မြန်ဆန်ဆန် ဖြတ်သန်းနိုင်ဖို့အတွက် အလိုအလျောက် ပတ်စပို့စစ်ဆေးတဲ့စက် (ABC) တွေကို စတင်တပ်ဆင်နေပြီလို့ လေဆိပ်လူဝင်မှုကြီးကြပ်ရေးဌာနက  ဖေဖော်ဝါရီ ၁၀ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲ​ဒီစနစ်ကို လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ လေဆိပ်အာဏာပိုင်တွေ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ပထမအဆင့်အနေနဲ့  နိုင်ငံခြားထွက်ခွာမယ့်ဇုန်မှာ စက်တွေတပ်ဆင်ပြီးသွားပြီလို့ သိရပါတယ်။ အဲဒါကြောင့် မကြာခင်မှာတော့ ခရီးသည်တွေနဲ့အတူ လက်တွေ့စမ်းသပ်မှုတွေ လုပ်သွားမှာဖြစ်ပါတယ်။ အဲဒီလေဆိပ်လူဝင်မှုကြီးကြပ်ရေး ရဲအရာရှိတွေကိုလည်း ကနေဒါတော်ဝင်မြင်းစီးရဲတပ်ဖွဲ့ (RCMP) နဲ့ ကနေဒါနယ်စပ်ဝန်ဆောင်မှုအေဂျင်စီ (CBSA) တို့ကနေ ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ သင်တန်းပေးခဲ့ပါတယ်။ ​အဓိကကတော့ ပတ်စပို့စစ်ဆေးတဲ့နေရာမှာ အဆင့်မြင့်နည်းပညာတွေသုံးပြီး လေဆိပ်အတွင်းခရီးသည်စီးဆင်းမှု ပိုသွက်လာအောင်နဲ့ လုံခြုံရေးဆိုင်ရာစစ်ဆေးမှုတွေ ပိုပြီးခိုင်မာလာအောင်ရည်ရွယ်ပြီး သင်တန်းပေးခဲ့တာလို့ ဆိုပါတယ်။

Read more

​မဲဆောက်နဲ့ချင်းရိုင်နယ်စပ်မှာ ကျားဖြန့်ဂိုဏ်းဝင်တရုတ် ၁၃ ဦးကို မူးယစ်ဆေးနဲ့အတူ ဖမ်းမိ

Border News Agency  မဲဆောက်၊ ဖေဖော်ဝါရီ ၁၀။ ​ထိုင်းနယ်စပ်ကို တရားမဝင်ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၁၃ ဦးကို မဲဆောက်နဲ့ချင်းရိုင်မြို့တွေမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ​မဲဆောက်မြို့၊ သောင်ရင်းမြစ်ကမ်းဘေးမှာ ရာ့ချ်မနူးအထူးစစ်ကြောင်းက ကင်းလှည့်နေတုန်း သံသယဖြစ်ဖွယ် တရုတ်နိုင်ငံသား ၁၀ ဦးကို စစ်ဆေးတွေ့ရှိခဲ့တာပါ။ အဲဒီဖမ်းမိသူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်ပြီး သူတို့ဟာ မြန်မာဘက်ခြမ်းမှာ ကျားဖြန့်အလုပ်လုပ်ကိုင်နေသူတွေဖြစ်သလို ထိုင်းဘက်ကို ခိုးဝင်လာတာလို့ ဝန်ခံထားပါတယ်။ အဲဒိီအပြင် ချင်းရိုင်ခရိုင်၊ ချင်းသန်းမြို့နယ်မှာလည်း လာအိုဘက်ကနေ မဲခေါင်မြစ်ကိုဖြတ်ပြီး ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ထိုင်းမြစ်ကြောင်းစောင့်တပ်က ဖမ်းမိခဲ့ပါတယ်။ သူတို့ဆီကနေ စီးကရက်ဗူးထဲမှာ ဝှက်ယူလာတဲ့ ကတ်တမင်း (Ketamine) ၅၂ ဂရမ်ကျော်နဲ့ အိုက်စ် (Ice) မူးယစ်ဆေးဝါးတွေကိုပါ ရှာဖွေတွေ့ရှိခဲ့တာပါ။ ​အဲဒီ ဖမ်းမိသူအားလုံးကို သက်ဆိုင်ရာရဲစခန်းတွေဆီပို့ဆောင်ထားပြီး ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်းဝင်ရောက်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ​ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ဖမ်းမိတဲ့တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့နောက်ကွယ်က ကွင်းဆက်တွေကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Read more
Page 32 of 105 1 31 32 33 105

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here