အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာအလုပ်အကိုင် ရှားပါးမှုတွေကြောင့် ကလေးသူငယ်တွေကိုပါခေါ်ပြီး တောင်းရမ်းစားသောက်နေနေသူတွေ များပြားလာနေတယ်လို့ မောင်တောမြို့ခံတွေကဆိုကြပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲ ကာလအတွင်းမှာ ဒေသတွင်းရှိ ရခိုင်၊မွတ်ဆလင်နဲ့ ဟိန္ဒူ အခြေခံလူတန်းစားတွေဟာ အလုပ်အကိုင်တွေပြတ်တောက်သွားပြီး ဝင်ငွေမရှိတော့တာကြောင့် အခုလို တောင်းရမ်းစားသောက်မှုတွေ ပိုများလာတာ ဖြစ်ပါတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။
“အဓိကကစားဝတ်နေရေး ခက်ခဲလို့ပါ။ ကလေးတွေကိုပါခေါ်ပြီး တောင်းရမ်းနေတာ မြင်ရတာအတော်လေး အရုပ်ဆိုးပေမဲ့လည်း မိသားစုထမင်းတနပ် စားနိုင်ဖို့က သူတို့အတွက်အဓိက ဖြစ်နေပါတယ်။” လို့မောင်တောမြို့ရှိမွတ်ဆလင်လူကြီးတဦးက Border News Agency ကိုပြောပါတယ်။
မောင်တောမြို့ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ လူစည်ကားရာနေရာတွေမှာ ကလေးငယ်တွေကို ချီပိုးပြီးတောင်းရမ်းနေတာတွေကို နေ့စဉ်တွေ့မြင်နေရတာဖြစ်လို့ ဒါဟာ ဒေသတွင်းက ဆင်းရဲနွမ်းပါးမှု ပြဿနာကိုဖော်ပြနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးတာကြောင့် အခြေခံလူတန်းစားတွေဟာ စားနပ်ရိက္ခာအတွက် အခက်အခဲများစွာနဲ့ရင်ဆိုင်နေကြရပြီး အဲဒီအခြေအနေတွေကိုအမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။






