Border News Agency
စစ်ကိုင်း၊ စက်တင်ဘာ ၁၄။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့် တနှစ်အတွင်း အပြစ်မဲ့ပြည်သူ ၁၆၁ ဦးသေဆုံးခဲ့တယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာလူအခွင့်အရေးအစည်းအရုံး(KWHRO)မှ စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
တမူးခရိုင်အတွင်းမှာဖြစ်ပျက်နေတဲ့ လူ့အခွင့်ရေးချိုးဖောက်မှု၊ စစ်ဘေးရှောင်တွေရဲ့အခြေနေ၊ ဒေသအခြေနေတွေနဲ့အမျိုးသမီးတွေကြုံတွေ့နေရတဲ့အခက်ခဲတွေကို မေလမှ ဩဂုတ်လထိပြုစုထားတဲ့အစီရင်ခံစာမှာဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီလေးလအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုလေးကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၂ ကြိမ်၊ပြုလုပ်ခဲ့ပြီး အရပ်သား ၁၂ ဦးသေဆုံးကာဒဏ်ရာရသူ ၃ ဦးရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဖမ်းဆီးခံရသူ ၂ ဦး၊ အဆောက်အအုံပျက်ဆီးမှုအလုံး ၃၀ နဲ့ထပ်မံစစ်ဘေးရှောင်နေရသူ ၂၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။
တမူးခရိုင်မြို့သစ်မြို့နဲ့ခမ်းပတ်မြို့ကို တော်လှန်ရေးတပ်တွေထိန်းချူပ်ထားပြီး စစ်ကော်မရှင်ဘက်ကတမူးမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအနည်းငယ်ကိုသာထိန်းချူပ်ထားနိုင်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်ဟာလက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက် ခိုက်တာတွေလုပ်နေတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေနေရပ်မပြန်နိုင်ကြတော့ဘဲ စစ်ရှောင်နေရသူ ပိုပြီးများလာနေတယ်လို့ဆိုပါတယ်။
အဲဒီ လေးလတာစစ်တမ်းအရ စစ်ဘေးဒုက္ခသည်ဦးရေ ၂၁,၆၀၀ ကျော်ရှိခဲ့ရာကနေ ၂၀၂၅ ဩဂုတ်လထိနေရပ်စွန့် ခွာထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ဦးရေဟာ ၂၃၀၀၀ ကျော်လာနေပြီလို့ ဆိုပါတယ်။
စစ်ကော်မရှင်ကနေအိမ်တွေမီးရှို့ဖျက် ဆီးတာ၊လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့်ကျေးရွာ ၂၀ ကျော်မှအိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင် လက်အောက်ခံပျူစောထီးတွေကနေရပ်စွန်ခွာစစ်ရှောင်နေတဲ့ဒေသခံတွေရဲ့နေအိမ်တွေကို ဖျက်ယူသယ်ဆောင်တာ၊ သူတို့နေအိမ်အတွက်အသုံးပြုတာ၊ တချို့နေအိမ်တွေကို သူတို့သတ်မှတ်ထားတဲ့တန်ကြေးနဲ့ပြန်လည်ရွေးခိုင်းတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
တမူးခရိုင်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှု၊ ဒေသအတွင်းအခြေနေတွေနဲ့ အမျိုးသမီးတွေကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေကိုလွတ်လပ်လွတ်လပ်ပို့ပေးနိုင်တယ်လို့ဆိုပါတယ်။