Border News Agency
ဘင်္ဂလားဒေ့ချ်၊ စက်တင်ဘာ ၂၈။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခတပ်တော်ကြားနှစ်ဖက်ပြေလည်စေမယ့် နည်းလမ်းတွေကိုအမြန်ဆုံးရှာဖွေပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမျိုးကိုသာ ဦးစားပေးလုပ်ဆောင်သင့်တယ်လို့
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA)က အကြံပြုထားပါတယ်။
အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွ အကြမ်းဖက်အဖွဲ့တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်တွေနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၂၇ ရက်၊ မနေ့ကထုတ်ပြန်ချက်မှာ အကြုံပြုထားတာပါ။
အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တကျော့ပြန်စခန်းထလာတဲ့ရိုဟင်ဂျာအမည်ခံအကြမ်းဖက်လှုပ်ရှားမှုအန္တရာယ်ဟာ အာရက္ခဒေသတွင်းနေပြည်သူလူထုတရပ်လုံးရဲ့လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်စေသာမက ဒေသတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုပါ သွယ်ဝိုက်ခြိမ်းခြောက်ရာရောက်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သေချာစောင့်ကြည့်ဝိုင်းဝန်းစောင့်ကြပ်ထိန်းသိမ်းပေးကြစေလိုတယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အခိုင်အမာအခြေစိုက်တပ်စခန်းချပြီး အာရက္ခဒေသသို့ဝင်ရောက်ကာ အာရက္ခပြည်သူတွေကို ရက်ရက်စက်စက်အကြမ်းဖက်သတ်ဖြတ်ပြီး အာရက္ခတပ်တော်ရဲ့နယ်စပ်လုံခြုံရေးတပ်စခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်တဲ့အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေအပေါ် ခွင့်ပြု၊ ထောက်ပံ့ကူညီ၊ အားပေးအားမြှောက်ပြုနေတဲ့အိမ်နီးနားချင်း တဖက်နိုင်ငံမှအစွန်းရောက်စစ်သွေးကြွဝါဒအားပေး အကျင့်ပျက်BGBမှအရာရှိတချို့နဲ့ စစ်သွေးကြွလှုပ်ရှားမှုအပေါ်ထောက်ခံအားပေးနေကြသူတချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အမြန်ဆုံးဖော်ထုတ်အရေးယူသင့်တယ်လို့ အာရက္ခတက်တော်က ဆိုပါတယ်။
အဲဒီလိုအရေးယူထိန်းကျောင်းမှုမရှိဘဲ ခုအတိုင်းဆက်လက်လွှတ်ပေးထားမယ်ဆိုရင် နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ဆက်ဆံရေးကိုထိခိုက်စေနိုင်ကာ နှစ်ဖက်တင်းမာမှုကိုလည်း ပိုမိုမြင့်တက်လာစေနိုင်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော်ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် ရိုဟင်ဂျာအမည်ခံလက်
နက်ကိုင်အကြမ်းဖက်သမားတွေဟာ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတယ်လို့ ဒေသခံပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအကြမ်းဖက်သမားတွေဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးပြန်ပေးဆွဲတာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ပစ်ခတ်သတ်ဖြတ်တာတွေကျူးလွန်နေကြတာမို့ နယ်စပ်ဒေသနေအရပ်သားပြည်သူတွေဟာ ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ကင်းစခန်းတွေ၊ တပ်ဖွဲ့ဝင်တွေကိုလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေကျူးလွန်နေကြသလို အင်အားစုဆောင်းလေ့ကျင့်တာတွေလည်း ပြုလုပ်နေကြတာမို့ မောင်တောခရိုင်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေ မကြာခဏဖြစ်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဒုက္ခသည်တွေက ဆိုကြပါတယ်။






