Border News Agency
စစ်တွေ၊ စက်တင်ဘာ ၂၈။
စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့စစ်တွေမြို့ပေါ်ရှိ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးခွင့်ကန့်သတ်ထားတာမို့ စစ်ဘေးဒုက္ခသည်တွေအပါအဝင် လက်လုပ်လက်စားအများစုဟာ စားဝတ်နေရေးကြပ်တည်း၊ အငတ်ဘေးဆိုက်ပြီး တောင်းရမ်းစားသောက်နေကြရသူတွေ အများအပြားတွေ့လာရတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့နယ်ရှိ ကျေးလက်ဒေသအားလုံးက အရပ်သားပြည်သူတွေဟာ အတင်းအဓမ္မနေရပ်ပြောင်းရွေ့ပိတ်လောင်ခံထားကြရသလိုမြို့ခံတွေဟာလည်း လူသားဒိုင်းကာအဖြစ်ပိတ်လောင်ခံထားကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့မှာ ဆန်၊ ဆီ၊ ဆား၊ အသား၊ ဟင်း၊ ငါးစတဲ့အခြေခံစားသောက်ကုန်တွေ စျေးအဆမတန်တက်နေသလိုမီးသွေးတအိတ်ကို ကျပ်ငါးသောင်းဝန်းကျင်ထိရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးဒုက္ခသည်တွေအပါအဝင် လက်လုပ်လက်စားအများစုဟာ စားဝတ်နေရေးကြပ်တည်း၊ အငတ်ဘေးဆိုက်ပြီး တောင်းရမ်းစားသောက်နေကြရသူတွေများနေတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
“ကယ်ဆယ်ရေးသမားတွေကတော့ ငတ်တဲ့အခါငတ်။ အဲဒီလိုပါပဲ။ ငတ်တနပ်၊ မွတ်တနပ်စားနေကြရတာပေ့ါ။ အဲဒီလိုပါပဲ။ ဆားနဲ့စားတဲ့အခါစား၊ တရက်တလေဆိုရင် မိန်းကလေးတွေလာကြတယ်။ ဦးလေး…ထမင်းမစားရသေးဘူးဆိုပြီး လာတောင်းကြပါတယ်။ အဲဒီလိုလူတွေအများကြီးရှိပါတယ်။ မြို့ပေါ်မှာလည်း ငတ်တဲ့သူတွေအများကြီးကြားနေရပါတယ်။”လို့ စစ်တွေမြို့ခံအမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်တွေမြို့တွင်းနေသူတွေဟာ အလုပ်အကိုင်ရှားပါးတာကြောင့် စားဝတ်နေရေးအခက်အခဲကြုံနေကြရပြီး ဆန်တအိတ်ကို နှစ်သိန်းကျော်၊ အသား၊ ငါးတပိတ်ဿာကို တသိန်းနီးပါး၊ တရက်စာထင်းတစည်းကို ငါးထောင်၊ ငရုတ်သီး စိမ်းတပိဿာကို ခြောက်သောင်းကျော်ထိရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
“အလုပ်အကိုင်မရှိတော့စားဝတ်နေရေးက တယောက်မှအခြေအနေမကောင်းပါဘူး။ ဘယ်သူ့မှအလုပ်မရှိဘူးဆိုတော့ရှိတာလေးကို စားနေကြရတာပေ့ါ။ အခက်အခဲကတော့ အကုန်လုံးပါပဲ။ အခက်အခဲကတော့ အလုပ်မရှိလို့ အခက်အခဲဖြစ်ကြတာပါ။ ငရုတ်သီး စိမ်းကတထောင်ဖိုးတောင်ဝယ်လို့မရဘူးလေ။ မစားရတာ တလလောက် တောင်ရှိနေပြီ။”လို့ စစ်တွေမြို့ပေါ်မှစစ်ဘေးရှောင်တဦးက ပြောပါတယ်။
အဲဒီစစ်တွေမြို့ပေါ် ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချအလုပ်လုပ်လို့ရပေမယ့် လူတိုင်းလုပ်ခွင့်မရဘဲ စစ်ကော်မရှင်နဲ့နီးစပ်သူတချို့သာ လုပ်ခွင့်ရကြတာဖြစ်ပြီးတခြားအလုပ်လည်းမရှိဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ စစ်တွေမြို့ပေါ် ရှိ ဘုန်းတော်ကြီးကျောင်းတွေမှာသာနေထိုင်နေကြရပြီး ကလေးသူငယ်တွေ၊အမျိုးသမီးတွေ၊သက်ကြီးရွယ်အို
တွေအတွက်အခက်အခဲတွေအများကြီးကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ တခြားမြို့တွေ၊ တခြားနေရာတွေကို လွတ်လပ်စွာသွားလာခွင့်မရကြဘဲ လူသားဒိုင်းကာအဖြစ်ပိတ်လောင်ခံထားကြရတာမို့ အငတ်ဘေးကို ပိုဆိုရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“ငတ်တာကြာနေပြီး။ ကယ်ဆယ်ရေးလည်းမရတာ ငါးလခြောက်လရှိပါပြီ။ လုံး၀မရပါဘူး။ အမျိုးတွေဆီကတောင်းသုံးပါတယ်။ မရရင်ငတ်ပါတယ်။ အဲလိုနေကြရတာပါပဲ။ ဒီမှာငတ်လို့တခြားမြို့နယ်တွေကို သွားဖို့၊ အမျိုးတွေဆီ သွားဖို့ဆိုရင်လည်းမရတော့ပါဘူး။”လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကော်မရှင်ဟာ စစ်တွေမြို့တွင်းပိတ်လှောင်ထားတဲ့ပြည်သူတွေကို အကူအညီအထောက်အပံ့မပေးသလို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကိုလည်းအကူအညီပေးခွင့်ကန့်သတ်ထားတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။
“အစိုးရကလည်း တားထားတယ်။ အစိုးရကျောင်းတွေတော့ နည်းနည်းပါးပါးရကြတယ်။ အမြဲတမ်းတော့မဟုတ်ပါဘူး။ သူတို့တွေက နိုင်ငံခြားအဖွဲ့အစည်းတွေကိုလည်းမပေးရ ပိတ်ထားတယ်။”လို့ နိုင်ငံတကာကူညီရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့စစ်တွေမြို့ခံတဦးက ပြောပါတယ်။
အဲဒီစစ်တွေမြို့တွင်းကျန်နေခဲ့သူတွေဟာ တခြားနေရာတွေကို တိမ်းရှောင်ဖို့ငွေကြေးအခက်အခဲရှိသူတွေ၊ စစ်ကော်မရှင်နဲ့နီးစပ်သူတွေ၊ စစ်ကော်မရှင်ကမြို့တွင်းအတင်းအဓမ္မသွင်းထားတဲ့ ပြည်သူတွေဖြစ်ကြပါတယ်။
အဲဒီထဲက တချို့မိသားစုတွေဟာ စားဝတ်နေရေးကြပ်တည်းခက်ခဲမှုကြောင့် မိသားစုလိုက်ဒါမှမဟုတ် တယောက်တည်းသတ်သေတာတွေရှိနေပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်လာကြတဲ့ အမျိုးသမီးတွေလည်း ပိုတွေ့လာရတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။






