Border News Agency
မောင်တော၊ စက်တင်ဘာ ၂၈။
အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(Border Guard Bangladesh – BGB)က အစွန်းရောက်စစ်သွေးကြွဝါဒအားပေးတဲ့အကျင့်ပျက်အရာရှိတချို့ရဲ့အားပေးထောက်ခံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရရှိထားကြတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွ အကြမ်းဖက်အဖွဲ့တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၂၇ ရက်၊ မနေ့ကထုတ်ပြန်ချက်မှာ အာရက္ခတပ်တော်က ဆိုထားတာပါ။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေဟာ စစ်ရေး၊ ထောက်ပံ့ရေးအကူအညီတွေ အပြည့်အဝရယူထားသလို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်စခန်းတွေအနီးမှာ အကြမ်းဖက်တပ်စခန်းတချို့ကို အခိုင်အမာအခြေစိုက်တပ်စွဲခွင့်ရရှိထားပြီးအဲဒီအခြေပြုနေရာတွေကတဆင့် အာရက္ခဒေသအတွင်းသို့ဝင်ရောက်အကြမ်းဖက်လှုပ်ရှားနေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအခြေစိုက်တပ်စခန်းတွေက အာရက္ခပြည်တွင်းသို့ ဝင်ရောက်ပြီးအာရက္ခပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေကြသလို အာရက္ခတပ်တော်ရဲ့နယ်စပ်လုံခြုံရေးတပ်စခန်းတချို့ကိုဝင်လည်း အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီအကြမ်းဖက်အဖွဲ့တွေကို ခွင့်ပြုထောက်ပံ့ကူညီအားပေးအားမြှောက်ပြုနေကြတဲ့အိမ်နီးနားချင်းတဖက်နိုင်ငံမှ အစွန်းရောက်စစ်သွေးကြွဝါဒအားပေးအကျင့်ပျက်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိတချို့နဲ့စစ်သွေးကြွလှုပ်ရှားမှုအပေါ် ထောက်ခံအားပေးနေကြသူတချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အမြန်ဆုံးဖော်ထုတ်အရေးယူတယ်လို့ အာရက္ခတပ်တော်က ဆိုပါတ ယ်။
အဲဒီလိုအရေးယူထိန်းကျောင်းမှုမရှိဘဲ ခုလိုဆက်လွှတ်ပေးထားမယ်ဆိုရင် နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး နှစ်ဖက်တင်းမာမှုကိုလည်း ပိုမိုမြင့်တက်လာစေနိုင်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တကျော့ပြန်စခန်းထလာတဲ့ရိုဟင်ဂျာအမည်ခံအကြမ်းဖက်လှုပ်ရှားမှုအန္တရာယ်ဟာ အာရက္ခဒေသတွင်းနေပြည်သူလူ ထုတရပ်လုံးရဲ့လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်စေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဒေသတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့နိုင်ငံခြားသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုလည်း သွယ်ဝိုက်ခြိမ်းခြောက်ရာရောက်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း သေချာစောင့်ကြည့်ဝိုင်းဝန်းစောင့်ကြပ်ထိန်းသိမ်းပေးကြစေလိုတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
နောက်ပြီးဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခတပ်တော်ကြား နှစ်ဖက်ပြေလည်စေမယ့်နည်းလမ်းတွေကိုအမြန်ဆုံးရှာဖွေပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမျိုးကိုသာ ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ အကြံပြုထားပါတယ်။