Border News Agency
ပလက်ဝ၊ စက်တင်ဘာ ၂၉။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီးနှစ်ဦးသေဆုံးပြီးဆယ့်ကိုးဦးဒဏ်ရာရရှိသွားပါတယ်။
အဲဒီပလက်ဝမြို့က အသက်ဆယ့်ကိုးနှစ်အရွယ်မမြမြခင်၊ အသက်လေးဆယ်နှစ်နှစ်အရွယ် ဒေါ် သူဇာဝင်း(ခ)ဘုတ်ဘုတ်သေဆုံးသွားကြတာပါ။
အဲဒီအပြင် နောက်ထပ်တဆယ့်ဦးထိဒဏ်ရာရရှိသွားကြပြီး အရေးပေါ်ဆေးကုသမှုခံယူနေကြရသလို အသက်အန္တရာယ်စိုးရိမ်ရသူတွေလည်း ရှိနေတယ်လို့ဆိုကြပါတယ်။
“ဒဏ်ရာရသူတွေက စိုးရိမ်ရပါတယ်။ ပြင်းထန်ဒဏ်ရာကသွားကြတာပါ။ နှစ်ဦးကတော့ပွဲချင်းပြီးဆုံးသွားပါတယ်။”လို့ ပလက်ဝမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့ကိုစက်တင်ဘာလ ၂၉ရက်၊ ဒီနေ့နေ့လယ် ၁၂နာရီကျော်အချိန်မှာ စစ်ကော်မရှင်တပ်လေကြောင်းမှပေါင်ငါးရာဗုံးသုံးကြိမ်ကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့ပေါ်က ဆေးရုံ၊ ဗိုလ်တဲ၊ မြို့ထဲမှာကျရောက်ပေါက်ကွဲလို့ အမျိုးသမီးနှစ်ဦးသေဆုံးပြီး ဆယ့်ကိုးဦးဒဏ်ရာရရှိသွားကြတာလို့ ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ ၂၈ ရက်၊ မနေ့ကလည်း သံတွဲနဲ့ဂွဆက်သွယ်ထားတဲ့လမ်းပိုင်းထဲရှိပဒဲကောကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့သလို သံတွဲမြို့အနီးပင်လယ်ပြင်မရှိရေတပ်စစ်သင်္ဘောကြီးတွေကလည်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုကြပါတယ်။
သံတွဲမြို့ကို စက်တင်ဘာလ ၂၇ ရက်နေ့ညကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီအပြင် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိတပ်ဦးဘုန်းကြီးကျောင်းကို စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ကျောင်းဆောင်ပျက်စီးသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြရပါတယ်။
စစ်ကော်မရှင်တပ်ဟာ သံတွဲ၊ တောင်ကုတ်၊အမ်း၊ဂွစတဲ့မြို့နယ်တွေမှာလည်း လာမယ့်ရွေးကောက်ပွဲပြုလုပ်မယ်လို့ ထုတ်ပြန်ထားပြီးနောက်လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုင်းပြုလုပ်နေတာပါ။