Border News Agency
မိုးကုတ်၊ အောက်တိုဘာ ၁။
မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရေထွက်ကြီးကျေးရွာကို ဒီနေ့မနက် ၁၀ နာရီ ၄၉ မိနစ်အချိန်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦးဒဏ်ရာရသွားခဲ့သလို နေအိမ်တအိမ်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလအတွင်း လေကြောင်းမှကျောက်မဲမြို့နယ်ကို ခြောက်ကြိမ်၊ သီပေါမြို့နယ်ကိုတကြိမ်၊ မိုးကုတ်မြို့နယ်တွင်နှစ်ကြိမ်နဲ့ မိုင်းလုံမြို့နယ်တွင်တကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးလေးဦးဒဏ်ရာရသွားသလို နေအိမ်လေးဆယ်စာသင်ကျောင်းတကျောင်း၊ ဘုန်းကြီးကျောင်းတကျောင်း၊ ကျောင်း ဆောင်တဆောင်၊ အဆောက်အဦးတလုံးနဲ့ ကားတစီးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်တာကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ဆိုပါတယ်။