Border News Agency
သံတွဲ၊ အောက်တိုဘာ ၁၀။
စစ်ကော်မရှင်တပ်ဟာ သူတို့လွတ်လပ်ဆုံးရှုံးထားရတဲ့ တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်တွေအပါအဝင် စစ်ရေး၊ နိုင်ငံရေးအရအချက်အချာကျပြီး သူတို့ စွန့်လွှတ်ခဲ့ရတဲ့နေရာတချို့၊ မြို့၊ ရပ်ရွာတွေကို ပြန်ပြီးသိမ်းပိုက်ရယူဖို့ ကြိုးစားနေတာကြောင့် ပြည်သူတွေစစ်ရေးသတိရှိကြဖို့ အာရက္ခတပ်တော် (A A)က အောက်တိုဘာလ ၁၀ ရက်၊ ဒီနေ့ အသိပေးလိုက်ပါတယ်။
စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့နှစ်နှစ်တာကာလနီးပါးအတောအတွင်း သူတို့ ဆုံးရှုံးခဲ့ရတဲ့နေရာတွေကို ပြန်ပြီးသိမ်းပိုက်ရယူဖို့အတွက် မြန်မာနိုင်ငံအနှံ့ထိုးစစ်ကြီးတွေပြုလုပ်နေတာ ကြာပြီလို့ဆိုပါတယ်။
အာရက္ခဒေသကိုလည်း ကြည်း၊ ရေ၊ လေပူးပေါင်းစစ်ဆင်ရေးတွေပြုလုပ်နေပြီး ကျောက်ဖြူထိုးစစ်တွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ထိရောက်မှုမရှိဘဲ အထိအခိုက်အကျအဆုံးတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။
မကွေးတိုင်းနတ်ရေကန်၊ ပဲခူးတိုင်းညောင်ကျိုးဗျူဟာကုန်းနဲ့ ဧရာဝတီတိုင်းအစပ်လေးမျက်နှာမြို့နယ်တွေမှာ စစ်ကော်မရှင်ရဲ့ထိုးစစ်ကို တန်ပြန်ထိုးစစ်ဆင်နေရတာကြောင့် တိုက်ပွဲတွေနေ့တိုင်းဖြစ်ပွားနေတယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်ကြားနှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျနေရာငါးခုကို အပြန်အလှန်ထိုးစစ်တွေနဲ့အတူ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာ အချိန်ကြာနေပြီလို့ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နေရာတချို့ကို စစ်ကော်မရှင်တပ်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်ပြီးပြုလုပ်ဖို့ပြင်ဆင်နေတာကြောင့် ပြည်သူတွေစစ်ရေးသတိရှိကြဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။






