Border News Agency
စစ်ကိုင်း၊ အောက်တိုဘာ ၁၃။
စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့တယ်လို့ မိုးကြိုးဌက်အဖွဲ့ -စစ်ကိုင်း (TPDF)က အောက်တိုဘာလ ၁၃ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းမြို့နယ်၊ ရွာသာယာကျေးရွာမှ အင်အားနှစ်ရာကျော်နဲ့ထွက်လာတဲ့ စစ်ကော်မရှင်တပ်တွေကို ဆည်လေးတောလမ်းဆုံအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး MA-4 သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အောက်တိုဘာလ ၇ ရက် မနက်ပိုင်းကလည်း ကျောက်ပနံရွာမှာ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မိုးကြိုးဌက်အဖွဲ့ −စစ်ကိုင်းတပ်ဖွဲ့ (Thunderbird People’s Defense Force)၊ ပဒူတိုက်နယ်ပကဖနဲ့ နယ်မြေခံတော်လှန်ရေးအင်အားစု ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။