Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၃။
စစ်ကော်မရှင်ပြုလုပ်မယ့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ဆယ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ UN၊ အာဆီယံအပါအဝင် နိုင်ငံတကာသံတမန်တွေမတက်ရောက်ကြဖို့ လက်နက်ကိုင်တော်လှန်ရေးခြောက်ဖွဲ့က အောက်တိုဘာလ ၁၃ရက်၊ ဒီနေ့တောင်းဆိုလိုက်ပါတယ်။
အဲဒီတနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးခဲ့တဲ့ ကရင်အမျိုးသားစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(AB SDF)၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး-NMSP-AD)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)က တောင်းဆိုထားကြတာပါ။
အဲဒီခြောက်ဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ဆယ်နှစ်ပြည့် သဘောထားထုတ်ပြန်ချက်မှာ တိုက်တွန်းထားတာဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)အပေါ် ကျင့်ဝတ်မစောင့်ထိန်းဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ပြည်သူတွေအပေါ်လက်နက်နဲ့ အကြမ်းဖက်မှုတွေပြုလုပ်နေတာမို့ စစ်ကော်မရှင်ရဲ့ဟန်ပြလုပ်ငန်းစဉ်တွေကို UN၊ ASEAN စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက သတိထားကြဖို့ တောင်းဆိုထားကြတာပါ။
အဲဒီအပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ရဲ့ အဓိပ္ပါယ်၊ ရည်ရွယ်ချက်နဲ့အခြေခံသဘောတရားတွေကို ဖျက်ဆီးလိုက်တာလို့လည်း ဆိုထားပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်ထောင်စုအကြားပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ဖြစ်ပြီး၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ထိုးခဲ့ကြတဲ့ စာချုပ်ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကော်မရှင်ဟာ သဘောတူစာချုပ်ရဲ့ စည်းကမ်း၊ စည်းမျဉ်းတွေကိုချိုးဖောက်ပြီး ပြည်သူတွေအပေါ် စစ်ရေးအကြမ်းဖက်မှုတွေ ပြုလုပ်နေဆိုထားပါတယ်။