Border News Agency
မာန်အောင်၊ အောက်တိုဘာ ၁၅။
မာန်အောင်မြို့မှာ စစ်ကော်မရှင်တပ်က MPT ဖုန်းလိုင်းတွေပြန်ဖွင့်ပေးလိုက်ပေမယ့် နယ်ဘက်ကျွေးရွာတွေမှာ ဖုန်းလိုင်းတွေမရကြဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီမြို့ပေါ်ရပ်ကွက်တွေနဲ့မြို့အနီးနှစ်မိုင်ခန့်ဝန်ကျင်းထိသာဖုန်းလိုင်းတွေရနေပြီး နယ်ဘက်ကျေးရွာတွေမှာတော့ ဖုန်းလိုင်းတွေလုံးဝမရသေးဘူးလို့လည်းဆိုကြပါတယ်။
အဲဒီနယ်ကျွေးရွာတွေမှာ ဖုန်းလိုင်းတွေမရတာဟာ စစ်ကော်မရှင်တပ်က လာမယ့်ရွေးကောက်ပွဲပြုလုပ်ကျင်းပဖို့အတွက်လိုအပ်တဲ့ဧရိယာခန့်ကိုသာ လိုင်းပြန်ဖွင့်ထားတာကြောင်းဖြစ်တယ်လို့ မာန်အောင်ဒေသခံတွေက ဆိုကြပါတယ်။
“မြို့ပေါ်နဲ့ နီးနီးကပ်ကပ်ဧရိယာတွေလောက်ပဲလိုင်းရပါတယ်။ နယ်ဘက်ကျေးရွာတွေကတော့မရပါဘူး။ မြို့နဲ့နှစ်မိုင်အကွာအဝေးလောက်အထိဘဲဖုန်းလိုင်းတွေရနေတာပါ။” လို့ မာန်အောင်ဒေသခံက Border News Agency ကို ပြောပါတယ်။
အဲဒီမြို့ပေါ်မှာသာဖုန်းလိုင်းတွေရတာမို့နယ်ကျေးရွာသားတွေဟာ မြို့ပေါ်နဲ့အနီးဝန်းကျင်နေရာတွေကို သွားရောက်ဆက်သွယ်နေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီနယ်ကျွေးရွာတွေမှာ ဖုန်းလိုင်းတွေပြန်မရှိသေးပေမယ့် စစ်ကော်မရှင်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေမှာတော့ အင်တာနက်လိုင်းတွေပါ ရနေတယ်လို့လည်း မာန်အောင်မြို့ခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်က လာမယ့်ရွေးကောက်ပွဲအတွက် မြို့ပေါ်ကဌာနဆိုင်ရာလုပ်ငန်းခွင်တွေ၊ ပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေအဆင်ပြေစေဖို့နဲ့ရွေးကောက်ပွဲအတွက် ပြည်သူထုအကြိုသဘောမျိုးနဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ကစတင်ပြီး MPT ဖုန်းလိုင်းတွေပြန်ဖွင့်ပေးခဲ့တာလို့ ဆိုကြပါတယ်။
အဲဒီဖုန်းလိုင်းတွေပြန်လည်ရနေတာကြောင့် MPT ဖုန်းဆင်းကဒ်တကဒ်ရဲ့ဈေးနှုန်းမှာကျပ်ရှစ်သောင်းဝန်းကျင်ထိ ဈေးတက်နေတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီလိုဈေးတက်နေပေမယ့် ဒေသခံတွေမှာဖုန်းလိုင်းပြန်ရချိန် ပြည်ပရောက်မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့ ဆင်းကဒ်တွေကို အလွယ်တကူဝယ်လို့မရကြဘူးလို့လည်း ဆိုကြပါတယ်။
အဲဒီဆင်းကတ်တွေကိုလည်း စစ်ကော်မရှင်တပ်နဲ့ဆက်စပ်ဆိုင်တွေမှာသာ ရောင်းချတာလို့ မြို့ခံတွေကဆိုကြပါတယ်။
“ဈေးကြီးလည်းကြီးဆိုပြီးဝယ်တာ…မရပါဘူး။ ဖုန်းလိုင်းပြန်ရချိန်မှာပြည်ပကမိသားစုတွေနဲ့အဆက်အသွယ်ရချင်ပါတယ်။ ဆင်းကဒ်တွေကဈေးလည်းကြီးပါတယ်။ ဝယ်လည်းမရတော့အရင်ကရှိတဲ့ဆင်းကဒ်တွေမပျောက်သေးတဲ့သူတွေဆီက အကူညီတောင်းဘေလ်ထည့်ပြီးပြောနေရတာလည်းရှိပါတယ်။” လို့ မာန်အောင်မြို့နယ်မှ ဒေသခံအမျိုး သမီးတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီဖုန်းဆင်းကဒ်ဈေးနှုန်းတွေအဆ မတန်စျေးတက်နေတာကြောင့် ဒေသခံတွေဟာ ပုံမှန်သတ်မှတ်ဈေးနှုန်းနဲ့ ဝယ် ယူခွင့်ရရှိဖို့လိုအပ်နေကြတယ်လို့လည်း ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲကာလပြီးဆုံးသွားရင် ဖုန်းလိုင်းတွေကို ပြန်လည်ဖြတ်တောက်သွားနိုင်ခြေရှိတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် မာန်အောင်မြို့နယ်မှာ လာမယ့်ရွေးကောက်ပွဲအတွက် ပြည်သူတွေကို မဲထည့်နည်းတွေသင်ကြားနေကြ ပြီး ရခိုင်တိုင်းရင်းသားများပါတီ(RNP)က စည်းရုံးရေးတွေလုပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတည်းက ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေပြတ်တောက်နေတာဖြစ်သလို တချို့မြို့နယ်တွေမှာ နေရာကွက်ကြားဖုန်းလိုင်းတွေပြန်ပြီးရနေကြပေမလုံးဝပြတ်တောက်သွားခဲ့မြို့တွေလည်းရှိတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






