Border News Agency
မင်းပြား၊ အောက်တိုဘာ ၁၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့မှာ စစ်လက်ကျန်ဗုံးသီးတလုံးကိုထုခွဲရာ ပေါက်ကွဲမှုကြောင့် တဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ မင်းပြားမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီမင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်မှ လူငယ်သုံးဦးဟာ အောက်တိုဘာလ ၁၅ ရက်၊ ဒီနေ့ နေ့လယ်၂ နာရီကျော်အချိန်က ရာမောင်မြစ်ကမ်းမှာ ငါးဖမ်းပိုက်ကွန်နဲ့ငါးဖမ်းရာက စစ်လက်ကျန် ၄၀ မမ ဗုံးသီးတလုံးပါလာခဲ့တာလို့ ဆိုပါတယ်။
အဲဒီဗုံးသီးကို ထုခွဲကြည့်လို့အသက်ဆယ့်ငါးနှစ်အရွယ် ညီညီဇော်သေဆုံးပြီး အသက်ဆယ့်ကိုးနှစ်အရွယ်မောင်ကြီး၊ အသက်ဆယ့်ငါးနှစ်အရွယ် ထွန်းထွန်းမြင့်၊ အသက်ငါးဆယ်ငါးနှစ်အရွယ် ဒေါ်သိန်းချေဒဏ်ရာရခဲ့ပါတယ်။
“မြစ်ထဲငါးဖမ်းရာက ပိုက်ကွန်မှာပါလာတဲ့ဗုံးသီးကို လေးဂွနဲ့ကွဲမကွဲထုခွဲကြတာပါ။ သူတို့သုံးယောက်မကပါဘူး။ အနီးအနားက အမျိုးသမီးကြီးတယောက်လည်း ဒဏ်ရာရသွားပါတယ်။”လို့ မင်းပြားဒေသခံတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီလူငယ်သုံးဦးအပြင် အနီးရှိအမျိုးသမီးတဦးလည်း ဒဏ်ရာရခဲ့လို့ ဆေးရုံကိုပို့ခဲ့ပေမယ့် အသက်ဆယ့်ငါးနှစ်အရွယ် ညီညီဇော်သေသွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီမင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်က အသက်ဆယ့်လေးနှစ်အရွယ် မောင်အောင်မင်းဌေးမှာလည်း မတ်လ ၄ ရက်နေ့က နေအိမ်ခေါင်မိုးပေါ်မှ စစ်လက်ကျန်ဗုံးသီးပြုတ်ကျပေါက်ကွဲလို့ ဒဏ်ရာရခဲ့ပါတယ်။
အာရက္ခဒေသမှာ စစ်လက်နက်ပစ္စည်းတွေ၊ မိုင်းတွေကြောင့် ပြည်သူတွေ မကြာခဏထိခိုက်သေဆုံးမှုနေကြတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒါကြောင့် စစ်လက်နက်ပစ္စည်းတွေ၊ မိုင်းအသိပညာပေးတာတွေ ပို့ချပေးဖို့လိုအပ်နေသေးတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ကျန်ပစ္စည်တွေ၊ မိုင်းအန္တရာယ်အသိပညာပေးမှု၊ အသိပညာပေးစာစောင်တွေ ဖြန့်ဝေတာ၊ မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်တွေ စိုက်ထူသတိပေးတာတွေ လုပ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။






