Border News Agency
ကော့ဘဇား၊ အောက်တိုဘာ ၂၁။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင် အကြမ်းဖက်သမားတွေဟာ အတင်းအဓမ္မလုပ်သစ်စုဆောင်းတာတွေ နေ့စဥ်ပြုလုပ်နေကြပြီး အင်အားငါးသောင်းရရင် မောင်တောခရိုင်ကို တပြိုင်တည်းဝင်ရောက်သိမ်းပိုက်မယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
အဲဒီလိုလူသစ်စုဆောင်းတာတွေကို ဒီလ်မာမတ်က အဓိကဦးဆောင်ပြုလုပ်နေတာဖြစ်သလို အာဏာသိမ်းစစ်တပ်ဆီက လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေကို အဓိကလက်ခံယူနေသူလည်းဖြစ်တယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအပြင် မော်လဝီဆယိဒ်အုလ္လာ၊ ဂျာဟိရ်ဂိရ်၊ ခင်မောင်တို့ ဦးဆောင်လူသစ်စုနေကြတာလို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီသူတွေကို ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအဖွဲ့(DGFI)နဲ့ အမျိုးသားလုံခြုံရေးအဖွဲ့(NSI)က အရပ်ဖက်အဖွဲ့အမည်ခံ ဖွဲ့ပေးထားပြီး အကူအညီအထောက်အပံ့တွေပေးနေတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
“လူငါးသောင်းစုလို့ရရင် တခါပြိုင်ဝင်တိုက်ပြီး သိမ်းပလိုက်မယ်။ လက်နက်တွေ၊ ပိုက်ဆံတွေအကုန်လုံးရှိတယ်။ အင်အားငါးသောင်းပြည့်ရင် မောင်တောခရိုင်ကို တပြိုင်တည်းဝင်သိမ်းကြမယ်လို့ စည်းရုံးလူစုနေကြတာပါ။ ဒီစကားကို ဒီလ်မာမတ်ပြောတာပါ။” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလူသစ်စုဆောင်းထားသူတွေကို ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်စခန်းတွေအနီးရှိ အကြမ်းဖက်စခန်းတွေမှာ အကြမ်းဖက်စစ်သင်တန်းတွေပေးနေကြပြီး နယ်စပ်ဖြတ်ကျော် အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်ကြဖို့ စေခိုင်းထားကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခ – ဘင်္ဂလားနယ်စပ်မှာ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ မကြာခဏကျူးလွန်နေကြပြီး အရပ်သားပြည်သူတွေလည်း ပြန်ပေးဆွဲ ဖမ်းဆီးသတ်ဖြတ်ခံနေကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် အကြမ်းဖက်အားပေးအကျင့်ပျက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တွေကို အမြန်ဆုံးထိန်းကျောင်းပေးရန်နဲ့ ထိရောက်စွာအရေးယူပေးပါဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က အောက်တိုဘာလ ၁၁ ရက်နေ့က တိုက်တွန်းတောင်းဆိုနေပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် အကြမ်းဖက်အဖွဲ့တွေရဲ့ နယ်စပ်ဖြတ်ကျော်စစ်ရေးလှုပ်ရှားမှု၊ အကြမ်းဖက်မှုတွေအကြောင်းကိုလည်း အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေဆီက အာရက္ခတပ်တော်သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေဟာ စစ်ကော်မရှင်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တွေ အသုံးပြုနေတဲ့ လက်နက်ခဲယမ်းတွေဖြစ်တယ်လို့ အာရက္ခတပ်တော်က ဆိုကြပါတယ်။
အဲဒီလက်နက်ခဲယမ်းတွေဟာ စစ်ကော်မရှင်နဲ့ အိမ်နီးနားချင်းတဖက်နိုင်ငံမှ အစွန်းရောက်စစ်သွေးကြွဝါဒ အားပေးအားမြှောက်ပြုနေတဲ့ အကျင့်ပျက်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိတချို့မှ ငွေကြေးရယူပြီးရောင်းပေးတာ၊ ထောက်ပံ့ပေးထားတာဖြစ်နိုင်တယ်လို့ အာရက္ခတပ်တော်ဆိုပါတယ်။
အဲဒီအပြင် စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေ ပြုလုပ်နေတဲ့စစ်ရေးလှုပ်ရှားမှု၊ စစ်ဆင်ရေးတွေမှာ စစ်ကော်မရှင်နဲ့ လက်ဝါးချင်းရိုက်ကာ ဟန်ချက်ညီဆောင်ရွက်နေတဲ့ အပေးအယူတခုလည်းဖြစ်နိုင်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေကို ဘူးသီးတောင်၊ မောင်တောတိုက်ပွဲတုန်းက စစ်ကော်မရှင်တပ်က စစ်သင်တန်းပေးလက်နက်တပ်ဆင်ပေးခဲ့ကြသလို စစ်ရှုံးထွက်ပြေးကြချိန်မှာလည်း လက်နက်ခဲယမ်းတွေ ပေးခဲ့ကြတယ်လို့ ရိုဟင်ဂျာတွေက ဆိုကြပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်ရေတပ်ကလည်း မူးယစ်ဆေးဝါးတွေနဲ့အတူ လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးနေဆဲဖြစ်သလို အကြမ်းဖက်စစ်သင်တန်းဆင်းတွေကို မောင်တောခရိုင်သို့ တဖြည်းဖြည်းစေလွှတ် အင်အားဖြည့်နေတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
“မောင်တောမြို့ပေါ်မှာရော့၊ နယ်ဖက်တွေမှာပါ အာဆာအဖွဲ့ဝင်တွေအများကြီး ရောက်နေကြပါပြီ။ ရွှေဇားကအာဆာတချို့ဆိုရင် တပ်တော်ကလူတွေနဲ့ ထမင်းချက်စား၊ အရက်အတူသောက်နေကြတာပါ။ မောင်တောမြို့နယ်ထဲမှာ တောင်အကြမ်းဖက်သင်တန်းဆင်းတွေ အများကြီးရောက်နေကြပါပြီ။ အကြမ်းဖက်တိုက်ခိုက်မှုတွေကတော့ သေချာဖြစ်လာမှာပါ။” လို့ မောင်တောမြို့မှ မွတ်ဆလင်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေကို အကျင့်ပျက်ဘင်္ဂလားနယ်ခြားစောင့်တပ်တချို့နဲ့ စစ်ဘက်အရာရှိတချို့ရဲ့ ကူညီပံ့ပိုးပေးမှုတွေပါဝင်နေပြီး သုံးပွင့်ဆိုင်တိုက်ခိုက်မှုမျိုးလည်း ဖြစ်နိုင်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအကျင့်ပျက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိ၊ တပ်ဖွဲ့ဝင်တချို့ဟာ အစွန်းရောက်စစ်သွေးကြွဝါဒကို အားပေးအားမြှောက်ပြုနေကြသလို အာရက္ခတပ်တော်က တိုက်ခိုက်ရှင်းလင်းလို့ ဒဏ်ရာရ၊ ကျဆုံးအလောင်းတွေကို ဝိုင်းကူထမ်းပို့ပေးတာ၊ ဆေးဝါးကုသပေးတာ၊ ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ထောက်ပို့ပေးနေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအပြင် အကြမ်းဖက်အဖွဲ့တွေအပေါ် ဦးဆောင်မှုပေးပြီး လုံခြုံရေးယူပေးတာ၊ ဝေဟင်ကင်းထောက်ပေးတာ၊ ရေဒါစနစ်တွေကိုအသုံးပြုပြီး စစ်ရေးဆိုင်ရာအချက်အလက်တွေ ပံ့ပိုးကူညီပေးတာတွေပြုလုပ်ပေးပြီး အကြမ်းဖက်အဖွဲ့တွေနဲ့အတူ သွယ်ဝိုက်တိုက်ပွဲဝင်နေတယ်လို့ အာရက္ခတပ်တော်က ထောက်ပြပါတယ်။
ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရှိတ်ခ်ဟာစီနာအစိုးရလူယုံ ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေး ထောက်လှမ်းရေးအရာရှိတချို့က ထောက်ပံ့ကူညီအားပေးနေတယ်လို့ ဘင်္ဂလားဒေ့ရ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒီလို ထောက်ပံ့ကူညီအားပေးနေကြတာဟာ ဒေါက်တာယူနွတ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရကို အခက်အခဲတွေတွေ့စေပြီး ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရဟာ အကြမ်းဖက်သမားတွေကို မွေးထုတ်အားပေးနေသူအဖြစ် နိုင်ငံတကာမှာ ပုံရိပ်ကျဆင်းအောင် ပြုလုပ်နေကြတာလို့ ဆိုကြပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ မူးယစ်ဆေးဝါးလုပ်တာတွေ၊ လူကုန်ကူးမှုတာတွေ၊ ပြန်ပေးဆွဲငွေညှစ်တာတွေကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရှိတ်ခ်ဟာစီနာအစိုးရလူယုံ ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အရာရှိတချို့၊ ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေး ထောက်လှမ်းရေးအရာရှိတချို့ဟာ ငွေကြေးဝေစုတွေအများကြီးရနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒါကြောင့် နှစ်ဖက်တင်းမာမှုတွေ ထက်မြင့်မားမလာစေရန်အတွက် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရမှ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ အာရက္ခဒေသအတွင်းသို့ ဝင်ရောက်စစ်ရေး လှုပ်ရှားနေမှုတွေကို အမြန်ဆုံးဟန့်တားပေးဖို့ အာရက္ခတပ်တော် တိုက်တွန်းထားပါတယ်။
အဲဒီအပြင် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အကျင့်ပျက်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တွေကို အမြန်ဆုံးထိန်းကျောင်းပေးပြီး ထိရောက်စွာအရေးယူပေးဖို့ အာရက္ခတပ်တော်က ထပ်မံတောင်းဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရဟာ အရေးယူထိန်းကျောင်းမှုမရှိဘဲ အရင်အတိုင်းဆက်လွှတ်ပေးထားမယ်ဆိုရင် နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဆက်ဆံရေးနဲ့ နှစ်ဖက်ယုံကြည်မှုကို ဆိုးဝါးစွာထိခိုက်လာစေနိုင်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရမှ မထိန်းကျောင်းနိုင်ရင် ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာလည်း အကြမ်းဖက်အားပေးသူတွေ အင်အားကြီးခဲ့ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသာမက နယ်စပ်နဲ့အာဆီယံဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးကိုလည်းအကြမ်းဖက်အန္တရာယ်နဲ့အတူ ခြိမ်းခြောက်လာနိုင်တယ်လို့ အာရက္ခတပ်တော်က ထောက်ပြထားပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်တချို့ မောင်တောခရိုင်သို့ ဝင်ရောက်နေကြတာကို အာရက္ခတပ်တော်တပ်ဖွဲ့ဝင် မွတ်ဆလင်တွေ၊ အရပ်သားမွတ်ဆလင်တွေလည်း အမည်တွေ၊ နေရပ်လိပ်စာတွေလည်း သိကြတယ်လို့ အတည်ပြုပြောကြပါတယ်။
အဲဒီအထဲကတချို့ဟာ မူးယစ်ဆေးဝါးလုပ်တာတွေနဲ့ ပတ်သက်နေကြသလို ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေလည်း မူးယစ်ဆေးဝါးတွေကို သယ်ယူပို့ပေးနေကြတယ်လို့ ဒေသခံပြည်သူတွေက အတည်ပြုပြောကြပါတယ်။






