Border News Agency
ဆွစ်ဇာလန်၊ အောက်တိုဘာ ၂၂။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာကျင်းပနေတဲ့ ၁၅၁ ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်စပ်အစည်းအဝေးတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တက်ရောက်နေတယ်လို့ အောက်တိုဘာလ ၂၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီညီလာခံကို အမျိုးသာညီညွတ်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနဒေါ်ဇင်မာအောင်ဦးဆောင်ပြီးမြန်မာ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေကြတာပါ။
အဲဒီညီလာခံဟာ ဂျီနီဗာမြို့မှာအောက် တိုဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ထိကျင်းပနေတာပါ။
မြန်မာ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အောက်တိုဘာလ ၁၉ ရက်က အာရှ-ပစိဖိတ်အုပ်စု(Asia-Pacific Group)နဲ့ အမျိုးသမီးလွှတ်တော်ကိုယ် စားလှယ်ဖိုရမ်ကိုတက်ရောက်ခဲ့ပါတယ်။
အဲဒီအပြင် အောက်တိုဘာလ ၂၀ ရက်နေ့မှာ အမှုဆောင်ကောင်စီအစည်းအဝေး၊ ညီလာခံအစည်းအဝေးနဲ့ ညီလာခံရဲ့ General Debate အစီအစဉ်တွေကိုတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအစည်းအဝေးတွေအပြင် မြန်မာ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မလေးရှား၊ ထိုင်း၊ အီတလီ၊ကနေဒါ၊ နယူးဇီလန်၊ ဩစတေးလျနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးမှုတွေမှာ စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ အရပ်သားပြည်တွေနဲ့တခြားနိုင်ငံတွေရှိရွေ့ပြောင်းမြန်မာပြည်သူတွေရဲ့အခြေအနေတွေ၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ရလ ဒ်အပေါ် ကန့်ကွက်ပေးရေး၊ အသိအမှတ်မပြုရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးတွေကိုလည်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး၂၀၂၀ အထွေထွေးရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုလွှာတ်တော်ကိုယ်စားပြုကော်မတီကို ကမ္ဘာ့လွှတ်တော်အသိုက်အဝန်းကဆက်ပြီးအသိအမှတ်ပြုရေး၊ ပဋိပက္ခဖြေရှင်းရေးနဲ့ ရေရှည်တည့်တံ့တဲ့အဖြေရှာရာမှာတော်လှန်ရေးအင်အားစုတွေရဲ့ ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေအပေါ်ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေရရှိဖို့အတွက်ကိုလည်း အဓိကထားဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံကနိုင်ငံတော်အဆင့်လွတ်တော်တွေနဲ့ ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက်နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့အမှုဆောင်ကောင် စီကပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို IPU ရဲ့ အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် အသိအမှတ်ပြုခဲ့ပြီးဒီနေ့ထိတိုင်ဆက်လက်အသိအမှတ်ပြုထားတာဖြစ်ပါတယ်လို့ဆိုပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ညီလာခံတတိယနေ့အစီအစဉ်တွေမှာလည်းဆက်ပါဝင်တက်ရောက်နေတယ်လို့ ဆိုပါတယ်။
















