Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်တပ် ဒရုန်းဗုံးကြဲတိုက်ခိုက်လို့ ပရဟိတလူငယ်တဦး သေဆုံးသွားတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှာ အောက်တိုဘာလ၂၆ရက်၊ ဒီနေ့နေ့လယ်က အရေးပေါ်လူနာသွားယူနေချိန် စစ်တွေမြို့အခြေစိုက် စစ်ကော်မရှင်တပ်ရင်းက ဒရုန်းနဲ့ဗုံးချတိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခံရလို့ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့ဝင် အသက်ဆယ့်လေးနှစ်အရွယ် မောင်ဌေးအောင်ဟိန်း(ခ)ကိုလတ် သေဆုံးသွားတာပါ။
“လူနာသွားယူနေတာ။ အဲ့အချိန် ဒရုန်းနဲ့ဗုံးလာချတယ်။ ကျည်စထိပြီးတော့ ဆုံးသွားတယ်။ သူက လူမူကူညီရေးတွေလုပ်နေတဲ့အချိန် ခုလိုဆုံးသွားတာ စိတ်မကောင်းဘူး။”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီမောင်ဌေးအောင်ဟိန်းဟာ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်ဇာတိဖြစ်ပြီး အသက်ဆယ်နှစ်အရွယ်ကတည်းက ပရဟိတလူမှုကူညီရေးတွေ လုပ်နေသူဖြစ်ပါတယ်။






