Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၂၈။
စစ်ကော်မရှင်ရဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို လူထုစုပေါင်းအားနဲ့ သပိတ်မှောက်ဆန့်ကျင်ရေးလှုပ်ရှားမှု တော်လှန်ရေးအင်အားစုတွေ ပြုလုပ်နေကြပါတယ်။
အဲဒီလှုပ်ရှားမှုကာလကို ရက်ပေါင်းခြောက်ဆယ်ငါးရက် တရားဝင်သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။
အဲဒီသတ်မှတ်ကာလဟာ အောက်တို ဘာလ ၂၈ ရက်၊ ဒီနေ့ကစတင်ပြီး လာမယ့်ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ မတရားအာဏာသိမ်းပြီးချိန်ကစလို့ တိုင်းပြည်ကိုအကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ဖျက်ဆီးခဲ့တဲ့အတွက် လူဦးရေဆယ့်နှစ်သန်းကျော် ထမင်းငတ်နေတဲ့အခြေအနေ၊ မူးယစ်ဆေးဝါးနဲ့လောင်းကစားတွေ စခန်းချရာ၊ လုံခြုံမှုမရှိဆုံးငရဲနဲ့တူတဲ့ တိုင်းပြည်အဖြစ်သို့ သက်ဆင်းသွားပြီလို့ ဝေဖန်ထားပါတယ်။
လာမယ့်ကာလအတွင်း ကျင်းပဖို့ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံကိုငရဲကြီးရှစ်ထပ်၊ အဝီစိအောက်သို့ ထပ်မံနစ်မွန်းစေမယ့် အကြမ်းဖက်ပြုကျင့်မှုကြီးသာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာအဖြာဖြာကင်းမဲ့နေတဲ့ လုပ်ပွဲ၊ ထောင်ချောက်သာဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။
အဲဒီရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် ဘယ်လိုအပြောင်းအလဲမှ ဆောင်ကျဉ်းနိုင်မယ်မဟုတ်ဘူးလို့လည်း အခိုင်အမာပြောဆိုထားပါတယ်။
အင်မတန်လူမဆန်တဲ့ စစ်ရာဇဝတ်မှုနဲ့ မတရားမှုပေါင်းစုံကျူးလွန်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်အုပ်စုပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
စစ်ကျွန်အရိပ်မဲကြီး ဆက်လက်ကြီးစိုးမယ့် စစ်ကော်မရှင်ရဲ့ မတရားမှုသရဖူဆောင်းထားတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကြီးကို ပြည်သူလူထုတရပ်လုံးရဲ့ စုပေါင်းအားနဲ့ နည်းပရိယာယ်ကြွယ်ကြွယ်သုံးပြီး သပိတ်မှောက်ဆန့်ကျင်ကြဖို့လည်း တောင်းဆိုထားပါတယ်။
ခြောက်ဆယ်ငါးရက်ကြာ သပိတ်မှောက်ဆန့်ကျင်ရေးကာလအတွင်း ပြည်သူလူထုအနေနဲ့ “တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို လူထုအားဖြင့်ဆန့်ကျင်ကြ၊ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့၊ အကြမ်းဖက်ရွေးကောက်ပွဲကျရှုံးပါစေ” စတဲ့ဆောင်ပုဒ်တွေနဲ့ သပိတ်မှောက်ဆန့်ကျင်သွားကြဖို့ တိုက်တွန်းထားပါတယ်။






