Border News Agency
အောက်တိုဘာ ၃၀၊ ၂၀၂၅။
တရုတ်ဖိအားတွေကြောင့် မိုးကုတ်မြို့က TNLA ဆုတ်ပေးလိုက်ရပေမယ့် စစ်ကော်မရှင်တပ်ကို ဆက်တိုက်သွားမယ်လို့ အောက်တိုဘာလ ၂၉ ရက်၊ မနေ့ကမိုးကုတ်ဗျူဟာ အသိပေးထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ စစ်ကော်မရှင်တပ်နဲ့ TNLA တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီတရုတ်နိုင်ငံ အထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြပါတယ်။
အဲဒီအပစ်ရပ်သဘောတူညီချက်မှာ TNLA ဟာ မိုးကုတ်မြို့နယ်က ဆုတ်ခွာပေးရမှာဖြစ်ပါတယ်။
ဒါပေမယ့် မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကတော့ တွန့်ဆုတ်ကြောက်ရွံ့မနေဘဲ စစ်ကော်မရှင်တပ်ကို ဆက်တော်လှန်သွားမယ်လို့ဆိုပါတယ်။
တော်လှန်ရေးခရီးတလျှောက်မှာ ဘယ်လိုခက်ခဲတဲ့အချိုးအကွေ့တွေပဲကြုံရတာဖြစ်စေ မိုးကုတ်ဗျူဟာနဲ့အတူ မိုးကုတ်အခြေပြုတော်လှန်ရေးအဖွဲ့တွေဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်ကာ တော်လှန်ရေးအောင်မြင်တဲ့ထိ ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်က ယုတ်မာရက်စက်မှုမျိုးစုံ၊ ကောက်ကျစ်စဥ်းလဲမှုမျိုးစုံနဲ့ တိုက်ခိုက်နေပေမယ့် တော်လှန်ရေးရဲဘော်တွေဟာ တွန်းဆုတ်တာ၊ ကြောက်ရွံ့တာလုံးဝမရှိဘဲ ဆက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
မိုးကုတ်ဗျူဟာအပါအဝင် MDY PDF တွေက သူတို့ရဲ့စိုးမိုးနယ်မြေတွေကို အစွမ်းကုန်ကာကွယ်ပြီး စစ်အာဏာရှင်တွေကို ဆက်တွန်းလှန်သွားမယ်လို့ဆိုပါတယ်။






