Border News Agency
စစ်ကိုင်း၊ အောက်တိုဘာ ၃၁။
မြန်မာနှိင်ငံတဝှမ်းမှာ အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် အသက်မပြည့်သေးတဲ့ကလေးငယ် သုံးဆယ်ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အောက်တိုဘာလ ၃၀ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိတလအတွင်း သေဆုံးသူသုံးဆယ်ငါးဦးရှိခဲ့ပြီး နာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာနှစ်နှစ်အောက်အရွယ် မိန်းကလေးတဦးနဲ့ ယောက်ျားလေးတဦးအပါအဝင် အသက်ဆယ့်ရှစ်နှစ်အောက်မိန်းကလေးဆယ့်ရှစ်ဦးနဲ့ ယောက်ျားလေးဆယ့်ခုနှစ်ဦး၊ စုစုပေါင်းသုံးဆယ်ငါးဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ ရှမ်းပြည်က ဆယ်ဦးနဲ့သေဆုံးမှုအများဆုံးဒေသဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးမှုဒုတိယအများဆုံးအဖြစ် ကိုးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးသူတွေဟာ စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်လို့ သေဆုံးသူနှစ်ဆယ့်ရှစ်ဦးထိရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုလို့ ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်အသက်ဆယ့်ရှစ်နှစ်အောက် သေဆုံးသူအရပ်သားဆယ်ဦးစာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ဖို့လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး ၂၀၂၅ ခုနှစ်အောက်တိုဘာ ၃၀ ရက်နေ့ထိ စစ်ကော်မရှင်တပ်ကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းခုနှစ်ထောင့်လေးရာနှစ်ဆယ့်သုံးဦး သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။






