Border News Agency
မင်းပြား ၊နိုဝင်ဘာ ၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ နှစ်မြို့နယ်ကို နိုဝင်ဘာလ ၇ ရက်နေ့ တရက်တည်းမှာ စစ်ကော်မရှင်တပ် တိုက်ခိုက်လို့ကလေးလေးဦး သေဆုံးပြီးသုံးဦး ဒဏ်ရာရသွားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မင်းပြားမြို့ကို နိုဝင်ဘာလ ၇ ရက်၊ မနေ့က စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ ဆယ်ဦးသေဆုံးပြီးဆယ်ရှစ်ဦး ဒဏ်ရာရသွားတာပါ။
အဲဒီ သေဆုံးသူဆယ်ဦးထဲမှာ ကလေးလေးဦးပါဝင်သလို ဒဏ်ရာရသူတဆယ့်ရှစ်ဦးထဲမှာ ကလေးသုံးဦးပါဝင်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာကို နိုင်ဝင်ဘာလ ၇ ရက်နေ့၊ နံနက်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အသက်ဆယ့်တနှစ် အရွယ်မောင်ငြိမ်းချမ်းကျော်၊ အသက်ဆယ့်လေးနှစ်အရွယ်မခင်ချိုထွန်း သေဆုံးသွားသလို မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ကို နိုဝင်ဘာလ ၇ ရက်နေ့၊ ည ၈ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်က အသက်ဆယ့်ခုနှစ်နှစ်အရွယ်မခိုင်စန်းရွှေ၊ အသက်ဆယ်နှစ်အရွယ်မသိင်္ဂီကျော် သေဆုံးသွာပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာက အသက်ဆယ့်ခုနှစ်နှစ်အရွယ်မခိုင်သော်တာ၊ ယိုးတရုတ်ရွာမှာ အလည်ရောက်နေတဲ့ ကျောက်တော်မြို့နယ်၊လိပ်မရွာက အသက်ဆယ့်တနှစ်အရွယ် မောင်ဇွဲထက်ဟိန်း ဒဏ်ရာရသွားကြသလို မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်က အသက်ဆယ့်နှစ်နှစ်အရွယ် မောင်မင်းဟိန်းစိုး ဒဏ်ရာရသွားပါတယ်။
နောက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ မနေ့ကမနက် ၁၁ နာရီအချိန်ခန့်မှာ စစ်တွေအခြေစိုက်တပ်ရင်းက တိုက်ခိုက်လို့ကွမ်းတောင်ကျေးရွာက အသက်ငါးဆယ့်ငါးနှစ်အရွယ် ဦးသန်းမောင် ဒဏ်ရာရသွားတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကိုလည်း နိုဝင်ဘာလ ၇ ရက် မနေ့ကနေ့လည်၁၁ နာရီ ၂၀ မိနစ်အချိန်မှာ စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်လို့ ဒေါ်လှရွှေနု ဗုံးစထိမှန်ပြီး ညာဖက်ပေါင်ဒဏ်ရာရသွားပါတယ်။
အဲဒီသေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းသား၊ ကျောင်းသူ တွေလည်းပါဝင်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ မကြာခဏသေဆုံးဒဏ်ရာရ နေကြပါတယ်။






