Border News Agency
မင်းပြား၊ နိုဝင်ဘာ ၈။
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ နှစ်မြို့နယ်ကို နိုဝင်ဘာလ ၇ ရက်နေ့တရက်တည်းမှာ စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ အမျိုးသမီးငါးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာ ရသွားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မင်းပြားမြို့ကို နိုဝင်ဘာလ ၇ ရက်၊ မနေ့က စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ ဆယ်ဦးသေဆုံးပြီး ဆယ့်ရှစ်ဦးဒဏ်ရာ ရသွားတာပါ။
အဲဒီသေဆုံးသူဆယ်ဦးထဲမှာ အမျိုးသမီးငါးဦးပါဝင်သလို ဒဏ်ရာရသူ တဆယ့်ရှစ်ဦးထဲမှာ အမျိုးသမီးဆယ်ဦးထိ ပါဝင်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာကို နိုင်ဝင်ဘာလ ၇ ရက်နေ့၊ နံနက်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အသက်ဆယ့်လေးနှစ် အရွယ်မခင်ချိုထွန်း၊ အသက်ငါးဆယ်အရွယ် ဒေါ်လှမြသန်း၊ အသက်လေးဆယ့်သုံးနှစ်အရွယ် ဒေါ်နုနုလွင်သေဆုံးသွားသလို မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ကို နိုဝင်ဘာလ ၇ ရက်နေ့၊ ည ၈ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အသက်ဆယ့်ခုနှစ်နှစ်အရွယ် မခိုင်စန်းရွှေ၊ အသက်ဆယ့်နှစ်အရွယ် မသိင်္ဂီ ကျော်သေဆုံးသွားပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာက အသက်ဆယ့်ခုနှစ်နှစ်အရွယ် မခိုင်သော်တာ၊ အသက်သုံးဆယ့်သုံးနှစ်အရွယ် ဒေါ်အေးငြိမ်းချို၊ အသက်ခြောက်ဆယ့်သုံးနှစ်အရွယ် ဒေါ်နှင်းအေးခင်၊ အောင်ဖြူပြင်ရွာမှာ စစ်ဘေးရှောင်နေတဲ့ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်က အသက်သုံးဆယ့်ငါးနှစ်အရွယ် ဒေါ်လှရွှေနုဒဏ်ရာရသွားကြသလို မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်က အသက်ခုနှစ်ဆယ့်ခုနှစ်နှစ်အရွယ် ဒေါ်ကြည်ကြည်၊ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် မသဇင်နွယ်၊ အသက်သုံးဆယ့်နှစ်နှစ်အရွယ် မညိုညိုအေး၊ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်ရွာကအသက်ဆယ့်ရှစ်နှစ်အရွယ် မဦးခိုင်ဝင်း၊ မြေပုံမြိုနယ်၊ သရက်ချောင်းရွာက အသက်နှစ်ဆယ့်လေးနှစ်အရွယ် မဝင်းဝင်းစိုး၊ ပေါက်တောမြို့နယ်၊ ကံမြင့်ရွာက အသက်လေးဆယ့်ကိုးနှစ်အရွယ် ဒေါ်နုဝင်းခင် ဒဏ်ရာရသွားကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ မကြာခဏ သေဆုံးဒဏ်ရာရ နေကြပါတယ်။
အဲဒီသေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းသား၊ ကျောင်းသူတွေလည်းပါဝင်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြည်သူတွေ၊ မြို့ရွာ၊ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း၊ ဘုန်းတော်ကြီးကျောင်း၊ လူနေအဆောက်အအုံကြီးတွေကို စစ်ကော်မရှင် တပ်ဟာ သူရဲဘောကြောင်စွာ နေ့စဉ်ရက်ဆက်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခဒေသအတွင်းနေ မိဘပြည်သူတွေလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းလက်နက်ကြီး၊ ဒရုန်းတွေတိုက်ခိုက်မှုရန်ကို အရင်ထက် ပိုမိုသတိထားကြဖို့ စစ်ရေးသတိအပြည့်အဝနေ့၊ ညအချိန်မရွေးရှိကြဖို့ အထူးအသိပေးတိုက်တွန်းထားပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့နယ်မှာ တိုက် ပွဲတွေပြင်းထန်နေသလို စစ်တွေမြို့နယ်မှာလည်း စစ်ရေးတင်းမာနေကြပါတယ်။






