Border News Agency
မောင်တော၊ နိုဝင်ဘာ ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ အစာအာဟာရနဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေ သိသိသာသာကျဆင်းသွားနိုင်တာမို့ စိုးရိမ်ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းညှိနှိုင်းရေးရုံး(UNOCHA)က နိုဝင်ဘာလ ၁၇ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာကမ္ဘာ့စား နပ်ရိက္ခာဖူလုံရေးစောင့်ကြည့်မှု နောက်ဆုံးထုတ်အစီရင်ခံစာမှာ စားနပ်ရိက္ခာမလုံလောက်မှုအတွက် စိုးရိမ်ဖွယ်အမြင့်မားဆုံးနေရာအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်တယ်လို့ဆိုပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာအချက်အလက်တွေအရ မောင်တောနဲ့ဘူးသီးတောင်ဟာ စိုးရိမ်ရဆုံးဒေသတွေထဲမှာ ပါဝင်နေတယ်လို့ဆိုပါတယ်။
အဲဒီဒေသတွေဟာ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေတာ၊ သွားလာရေးနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတာ၊ အကူအညီတွေဝင်ရောက်ပို့ဆောင်ဖို့ခက်ခဲတာတွေ ကြုံနေရတယ်လို့ဆိုပါတယ်။
အဲဒါကြောင့်ဒေသခံတွေရဲ့ အစားအသောက်နဲ့ လုံခြုံရေးဟာပြင်းထန်တဲ့ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
အဲဒီမြို့နယ်နှစ်ခုရဲ့ အာဟာရပြည့်ဝမှုဆိုင်ရာ အခြေအနေတွေဟာ လျင်မြန်စွာဆုတ်ယုတ်လာနိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။
အဲဒီဒေသရှိထိခိုက်လွယ်တဲ့ လူမှုအသိုက်အဝန်းတွေ၊ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေနဲ့ ကလေးသူငယ်တွေအတွက် အသက်ကယ်ဆယ်ရေးဆိုင်ရာ အရေးပေါ် အာဟာရအကူအညီတွေကို ချက်ချင်းပေးအပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
စားနပ်ရိက္ခာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးလိုအပ်တဲ့ရန်ပုံငွေရဲ့ ဆယ့်ငါးရာခိုင်နှုန်းကိုသာ ရရှိထားဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီလိုအရေးတကြီးလိုအပ်နေတဲ့ ဘူးသီးတောင်နဲ့မောင်တောဒေသတွေကို အချိန်မီလုံလောက်တဲ့အကူအညီတွေ ပို့ဆောင်နိုင်ဖို့အတွက်လည်း ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။






