Border News Agency
စစ်ကိုင်း၊ နိုဝင်ဘာ ၁၈။
ချင်းပြည်၊ ဖလမ်း၊ တီးတိန်နဲ့စစ်ကိုင်းတိုင်း၊ ကလေး၊ ဂန့်ဂေါမြို့နယ်တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်မှဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်အရာရှိတွေအပါအဝင်တရာနီးပါးကိုတိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ချင်းပြည်ကောင်စီ၊ကာကွယ်ရေးဝန်ကြီးဌာနမှနိုဝင်ဘာလ ၁၈ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီတီးတိန်၊ခိုင်ကမ်း၊ ဖလမ်း၊ ဝေဘူလ၊ ဂန့်ဂေါ၊ ကလေးစတဲ့မြို့နယ်တွေမှာ ချင်းအမျိုးသားတပ်မတော်နဲ့ဒေသန္တရကာကွယ်ရေးတပ်တွေပါဝင်တဲ့စစ်ကြောင်းနှစ်ကြောင်းဟာ မဟာမိတ်တပ်တွေနဲ့လက်တွဲပြီးစစ်ကော်မရှင်တပ်ကိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ကလေးနဲ့ဂန့်ဂေါမြို့တွေမှာလည်း Chinland အစိုးရလက်အောက်ခံ စစ်ကြောင်း ၁ က မိတ်ဖက် Vakok PDF အပါအဝင်ကျောင်းသားတပ်မ တော်(ABSDF)၊PDFခရိုင်တပ်ရင်းတွေ၊ပကဖတွေ၊Yaw Defense Force (YDF) စတဲ့မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကော်မရှင်တပ်ကို တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဟာ လေကြောင်းမှအကြိမ်ပေါင်းမနည်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ချင်းပြည်အတွင်းရှိ ဖလမ်းမြို့နဲ့ဝေဘူလမြို့ကြားအပါအဝင် တီးတိန်မြို့နဲ့ခိုင်ကမ်းမြို့ကြားနေရာတွေမှာလည်း Chinland အစိုးရစစ်ကြောင်းနှစ်ခုဟာ Chin National Defense Force (CNDF) ၊ PDF Zoland စတဲ့ မိတ်ဖက်အဖွဲ့တွေနဲ့အတူ ပူပေါင်းပြီး စစ်ကော်မရှင်တပ်ကို တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
တီးတိန်မြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ စစ်ကော်မရှင်တပ်ရဲ့ခလရ ၅၀ တပ်မှဗိုလ်မှူးလှမျိုးထွဋ်မှာပေါင်နဲ့ဗိုက်စတဲ့နေရာတွေမှာ ဒဏ်ရာပြင်းထန်ထန်ရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်အရာရှိတွေအပါအဝင်အင်အားတရာနီးပါးကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများပြားနဲ့ စစ်သုံ့ပန်းတွေလည်းဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။






