Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၆။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးရှေ့ဟောင်းနယ်မြေမှာ လမ်းဘေးကျူးကျော်ကင်းစင်ရေးနဲ့ မြို့ရွာသာယာလှပရေးအတွက် လိုက်နာရမယ့်စည်းကမ်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
အဲဒီရှေ့ဟောင်းနယ်မြေရှိ စည်ပင်နယ်နိမိတ်မြေ၊ သာသနိကမြေ၊ ရှေ့ဟောင်းနယ်နိမိတ်မြေ၊ အများပြည်သူနဲ့သက်ဆိုင်တဲ့မြေ၊ အစိုးရပိုင်မြေတွေမှာ နေအိမ်၊ ဈေးဆိုင်၊ အဆောက်အဦးတွေ ကျူးကျော်ပြီးမဆောက်ကြဖို့ စည်းကမ်းချက်တွေထုတ်ပြန်ထားတာပါ။
အဲဒီအပြင် လမ်းဧရိယာအတွင်းဆိုင်းဘုတ်တွေကြော်ငြာထားတာ၊ ပစ္စည်းတွေစုံပုံထားတာ၊ ခင်းကျင်းရောင်းချတာ၊ ယာဉ်ရပ်နားပြုပြင်တာတွေမလုပ်ကြဖို့၊ ရေစီးမြောင်း၊ ပလက်ဖောင်းတွေကိုကျော်လွန်ပြီး အဆောက်အဦးတွေဆောက်လုပ်တာ၊ အိမ်ခေါင်အမိုစွန်းတွေချထားတာ၊ ဈေးရောင်းရတာတွေမလုပ်ရဘူးလို့လည်းဆိုပါတယ်။
နောက်ပြီး ဘယ်အဆောက်အဦးဖြစ်စေ သက်ဆိုင်ရာမှခွင့်ပြုချက်မရှိဘဲ အသစ်ဆောက်လုပ်တာ၊ တိုးချဲ့ဆောက်လုပ်တာမပြုလုပ်ကြဖို့၊ လမ်းပိတ်ဆို့မှုဖြစ်စေအောင်ယာဉ်တွေရပ်နားထားတာ၊ ယာဉ်ပြုပြင်တာတွေမပြုလုပ်ကြဖို့လို့လည်းဆိုပါတယ်။
အဲဒီစည်းကမ်းချက်တွေကို မလိုက်နာပဲပျက်ကွက်ပါက အရေးယူဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။
ခုလို စည်းကမ်းချက်တွေဟာလမ်းဧရိယာကိုကျော်ကာ နေအိမ်၊ ဈေးဆိုင်တွေ၊ အမိုးအစွန်းတွေကိုလမ်းဧရိယာထက်ကျော်ပြီး ဆောက်လုပ်ထားတာကြောင့် လမ်းသွားလမ်းလာ အာရက္ခပြည်သူတွေအန္တရာယ်မဖြစ်စေဖို့၊ ယာဉ်လမ်းကြောင်းပိတ်ဆို့တာမဖြစ်စေဖို့ ရွယ်ရည်တယ်လို့ဆိုပါတယ်။
အာရက္ခပြည်သူ့အစိုးရဟာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေရှိ အာရှလမ်းမကြီးဘေးတောက်လျှောက်မှာဆောက်လုပ်ထားတဲ့ ဆိုင်ခန်း၊ လူနေအိမ်တွေနဲ့ အယပ်တွဲအဆောက်အအုံတွေကိုလည်း ဖယ်ရှားသွားမယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်အာရက္ခဒေသက မြို့နယ်ဆယ့်လေးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက် ပြည်သူ့ဝန်ဆောင်မှုတွေဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






