Border News Agency
နေပြည်တော်၊ ဒီဇင်ဘာ ၈။
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးကိစွတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က ဒီဇင်ဘာလ ၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Sihasakm Phuangketkeow ဟာ ဒီဇင်ဘာလ ၇ ရက်၊ နေ့လည်က နေပြည်တော်မှာတွေ့ဆုံခဲ့ကြတာပါ။
အဲဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ဆက်ဆံမှုပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစွတွေကို ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြတာပါ။
အဲဒီအပြင်နယ်စပ်ဒေသတရားမဝင်ကုန်သွယ်မှုတွေမရှိဖို့ ထိန်းသိမ်းဆောင်ရွက်ဖို့၊ နှစ်နိုင်ငံနယ်စပ်ဒေသမှာရှိတဲ့ အွန်လိုင်းလိမ်လည်လောင်းကစားတွေကိုလုပ်နေတဲ့ KK Park နဲ့ ရွှေကုက္ကိုလ်ရှိအ ဆောက်အဦးတွေကိုဖျက်ဆီးနေတဲ့ အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဒေသမှာ လက်နက်ခဲယမ်းတွေတရားမဝင်ရောင်းချတာတွေကို ပူးပေါင်းထိန်းသိမ်းဆောင်ရွက်မယ့်ကိစွတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်ပြီးထိုင်းဟာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်မှုတွေ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ ဒေသတွင်းနဲ့နိုင်ငံတကာမှာအပြုသဘောဆောင်ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်တင်ဆောင်ရွက်မယ့်ကိစွတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲကို မြန်မာဖက်ကအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အတူစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေ၊ ဒုတိယဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံဘက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E.Mr. SihasakmPhuangketkeow၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးနဲ့အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။






