Border News Agency
ဂွ၊ ဒီဇင်ဘာ ၂၁။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ကျိန္တလီမြို့မှာ ဒီဇင်ဘာ ၂၀ ရက်၊ မနေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီကလေးတွေဟာ ဒီဇင်ဘာလ ၂၀ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်က တောင်ပေါ်သို့ဆော့ကစားဖို့သွားရာမှာ စစ်ကျန်လက်နက်ပစွည်းပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်တဲ့ ကလေးနှစ်ဦးကို ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ အရေးပေါ် ဆေးကုသမှုခံယူဖို့ ပို့ပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ အသက်ဆယ့်လေးနှစ်အရွယ် ကိုအောင်သူစိုးနဲ့ အသက်ဆယ့်သုံးနှစ်အရွယ် ကိုနေမျိုးကျော် (ခ)အလင်းဆက်တို့ ဒဏ်ရာရသွားကြတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။







