Border News Agency
တောင်ကုတ်၊ ဒီဇင်ဘာ ၂၆။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့မှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ အမျိုးသားနှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီစစ်ကျန်လက်နက်ကို ပန်းပဲဖိုအဖြစ် အသုံးပြုနေပြီး ဒီဇင်ဘာလ ၂၅ ရက်၊ နေ့လည် ၁၁ နာရီကျော်အချိန်ခန့်မှာ ပေါက်ကွဲမှုဖြစ်တာကြောင့် အလုပ်လုပ်တဲ့အမျိုးသားနှစ်ဦးဒဏ်ရာရသွားတယ်လို့ဒေသခံတွေကဆိုကြပါတယ်။
အဲဒီ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ပန်းဖဲထုနေတဲ့ ဦးငဖြူချေမှာ မျက်လုံး၊ မျက်နှာ၊ ရင်ဖတ်၊ ညာဘက်လက်မောင်းနဲ့ညာဘက်ခြေထောက်တွေမှာ ဒဏ်ရာတွေရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ပန်းဖဲဆရာဦးညွှန့်မောင်မှာလည်း ညာဘက်လက်ခုံနဲ့ ညာဘက်ခြေထောက်တွေမှာ ယမ်းခိုးသတ်ဒဏ်ရာတွေရသွားခဲ့တယ်လို့ဆိုပါတယ်။
ဦးညွှန့်မောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက တောင်ကုတ်မြို၊သိမ်တောင်ရပ်ကွက်မှဦးထွန်းမြင့်ဆီကနေ မပေါက်ကွဲဘဲရှိနေတဲ့စစ်ကျန်လက်နက်
တလုံး ကိုဝယ်ခဲ့တယ်လို့ဆိုပါတယ်။
သူတို့နှစ်ဦးဟာ အဲဒီစစ်ကျန်လက်နက်ပစွည်းကို ပန်းဖဲထုရာမှာအသုံးပြုနေခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ဒီဇင်ဘာ ၂၀ ရက်၊နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦး သေဆုံးပြီးနှစ်ဦး ဒဏ်ရာရရှိသွားခဲ့ပါသေးတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။





