Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၂၇။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြောက်ဦးမှာ အမျိုးသားတဦးယုယက်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီမြောက်ဦးမြို့ ကိုးသောင်းဘုရားအနီးရှိ လက်ဝဲပိစီဘုရားကုန်းခြေရင်းမှာ လုယက်သတ်ဖြတ်ခံထားရတာကို ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ခဲ့ကြတာပါ။
အဲဒီမြောက်ဦးမြို့နယ်၊ မောင်သာကုန်းကျေးရွာမှ ဦးစံရွှေဦးရဲ့သား အသက်သုံးဆယ်ရှစ်နှစ်အရွယ် ကိုအောင်သန်းထွန်း(ခ)ပေါက်စကို ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးပြီးတွေ့ခဲ့ကြတာပါ။
သူ့ညာဖက်လည်ပင်းထိုးသွင်းဒဏ်ရာတချက်၊ ဘက်ဖက်လက်သန်းပွမ်းပဲ့ဒဏ်ရာတချက်၊ ဘယ်ဖက်တင်ဂျိုင်းပွန်းပဲ့ဒဏ်ရာတချက်၊ ညာဖက်လက်ညိုးပြတ်ရှဒဏ်ရာနှစ်ချက်နဲ့ သေဆုံးနေတာလို့ဆိုပါတယ်။
အဲဒီအောင်သန်းထွန်းမှာ လက်စွပ်တကွင်း၊ အဖြူစပ်အမဲရောင်Wave(100) ဆိုင်ကယ်တစီး၊ နားကွင်းတဖက်ပါလုယက်ခံခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီလုယက်သတ်ဖြတ်ခံရမှုကို အာရက္ခတပ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ကစုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် အာရက္ခဒေသကဆယ့်လေးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။
ဒါပေမယ့်လည်း အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေထဲမှာ ဓားမြတိုက်မှုတွေ၊ မုဒိမ်းမှုတွေ၊ သတ်ဖြတ်လုယက်ခံရတာတွေရှိနေကြတာမို့ တရားဥပဒေစိုးမိုးရေးပိုမိုဆောင်ရွက်ပေးဖို့ ပြည်သူတွေဆောင်းဆိုနေကြပါတယ်။





