Border New Agency
သံတွဲ၊ ဇန်နဝါရီ ၁။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို နှစ်သစ်ကူးမယ့်ည ဒီဇင်ဘာလ ၃၁ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီသံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို ဒီဇင်ဘာလ ၃၁ ရက်၊ ညနေ ၇ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦးဒဏ်ရာရသွားပြီး လူနေအိမ်တချို့မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာကို ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးလေးဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် သံတွဲမြို့နယ်၊ ရပ်ရှည်ရွာကို ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေအပါအဝင် သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့နယ်တွေရှိ ပြည်သူတွေကို နေ့စဥ်ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေတိုက်ခိုက်မှုရန်ကို အာရက္ခပြည်သူတွေ ပိုမိုသတိထားကြပြီး စစ်ရေးသတိရှိကြဖို့ အာရက္ခတပ်တော်အသိပေးထားပါတယ်။






