Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၂။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးဒသမခြောက်သန်းကျော်အထိရှိလာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ နေရပ်စွန့်ခွာထွက်ပြေးနေကြရသူ သုံးဒသမခြောက်သန်းကျော်အထိရှိနေတာကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
အဲဒီအထဲမှာ စစ်ကော်မရှင်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ဦးရေဟာ တနေ့ထက်တနေ့ ပိုမိုမြင့်တက်လာနေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နယ်စပ်ဒေသတွေမှာရှိတဲ့ ပြည်သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို အပြင်းအထန်ခံစားနေကြရတယ်လို့ ဆိုပါတယ်။
ပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရဲ့တရားလက်လွတ်သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက်တာနဲ့ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ကော်မရှင်တပ်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း နှစ်သောင်းသုံးထောင်ကျော်အထိ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ငါးထောင်ကျော်နဲ့ အဆိုးရွားဆုံးကျူးလွန်ခံရတဲ့ဒေသဖြစ်ပြီး မန္တလေးနဲ့ မကွေးတိုင်းဟာ ဒုတိယနဲ့ တတိယ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။






