Border News Agency
ကျိုက်ထို၊ ဇန်နဝါရီ ၃။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးအလင်းဝင်လာတယ်လို့ တောင်ညိုတပ်ရင်းမှ ဇန်နဝါရီလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသိမ်ဇရပ်မြို့မှာ ရွေးကောက်ပွဲလုပ်မယ့်အချိန်ကြိုတင်ကာကွယ်ဖို့ စစ်ကော်မရှင်တပ်ရဲ့တပ်မ ၄၄ လက်အောက်ခံ ခမရ ၃မှ တပ်ရင်းမှူး၊ ဒုရင်းမှူးဦးဆောင်ပြီး အင်အားတရာ့နှစ်ဦးပါ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပူးပေါင်းမဟာမိတ် (KNLA )၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲကိုးကြိမ်ထိဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ အတင်းအဓမ္မဖမ်းစီးစေခိုင်းခံရတဲ့ ပြည်သူ့စစ်နှစ်ဦး MA-1 နှစ်လက်၊ ခဲယမ်းအချို့နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က အလင်းဝင်ရောက်လာတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာကျိုက်ထိုမြိုနယ်၊ ဂွေ့ကြီးရွာသို့ စစ်ကော်မရှင်တပ်ရဲ့အမတ ၃၁၀ မှရွယ်ရည်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီးသွားတယ်လို့ဆိုပါတယ်။






