Border News Agency
မောင်တော၊ ဇန်နဝါရီ ၅။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို ဘိလပ်မြေတွေနဲ့ ဒီဇယ်ဆီတွေတင်သွင်းနေတဲ့ မွတ်ဆလင်ကုန်သည် ဆယ့်ရှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီလ ၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီစိန့်မာတင်ကျွန်းအနီး ပင်လယ်ပြင်မှာ မွတ်ဆလင်တဆယ့်တဦးကို ဇန်နဝါရီလ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နောက်ထပ်ကုန်ပို့နေကြတဲ့မူဆလင် ခုနှစ်ဦးကိုလည်း ဇန်နဝါရီလ ၃ ရက်နေ့က ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲက မွတ်ဆလင်ကုန်သည် တဆယ့်တဦးမှာ ဘင်္ဂလားဒေ့ရှ်တာကာငွေ သုံးသိန်း၊ ဘိလပ်မြေတွေကို စက်လှေတစီးနဲ့အတူ သယ်ဆောင်လာတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မွတ်ဆလင်ကုန်သည်ခုနှစ်ဦးမှာ တာကာငွေ ဆယ့်ရှစ်သိန်းတန်ဖိုးရှိ ဒီဇယ်ဆီတထောင့်ငါးရာလီတာကို စက်လှေတစီးနဲ့ သယ်ဆောင်လာတယ်လို့ ဆိုပါတယ်။
အဲဒီ တရားမဝင်ကုန်ပစ္စည်းတွေကို မှောင်ခိုကူးမှုနဲ့ အရေးယူမှာဖြစ်သလို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ကုန်ပစ္စည်း ရောင်းချသူနေသူတွေကိုလည်း ဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စက်သုံးဆီတွေနဲ့ ဓာတ်မြေသြဇာတွေကို ပြည်ပသို့တင်ပို့ရောင်းချခွင့် တားမြစ်ကန့်သတ်ထားသလို အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား တရားဝင်ကုန်သည်မှုမရှိသေးပါဘူး။





