Border News Agency
မောင်တော၊ဇန်နဝါရီ ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောခရိုင်၊ မောင်တော၊ ဘူးသီးတောင်မှာ အအေးလှိုင်းဖြတ်နေတာမို့ အအေးဒဏ်ကို အလူးအလဲခံစားနေကြရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီမောင်တောခရိုင်မှာ အအေးပိုများလာနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
“ပြီးခဲ့တဲ့လနောက်ပိုင်းကစပြီး အရမ်းအေးလာတာ။ဒီဇင်ဘာ ၃၀ ရက်နေ့ကဆိုရင် မွန်းတည့် ၁၂ နာရီထိ နှင်းတွေမကွဲလို့နေကိုတောင်မမြင်ရဘူး။အပြင်ထွက်ဖို့တောင်တော်တော်ခက်ခဲပါတယ်။” လို့ မောင်တောမြို့ခံတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီလိုအအေးလှိုင်းဖြတ်နေတာမို့ နယ်မှမောင်တောမြို့ပေါ်သို့ လာရောက်ကြတဲ့ဈေးသည်တွေနဲ့ကုန်သည်တွေလည်းအနွေးထည်အထူကြီးတွေဝတ်ပေမယ့် ခိုက်ခိုက်တုန်အောင်ချမ်းနေကြတယ်လို့ ဆိုကြပါတယ်။
“အနွေးထည်တွေ၊ ခြေအိတ်လက်အိတ်တွေ စွပ်ထားတာတောင်အအေးက အသားထဲအထိစိမ့်ဝင်နေတာ။” လို့ မောင်တောမြို့ကိုရောက်နေတဲ့ကုန်သည်တဦးက Border News Agency ကိုပြောပါတယ်။
မောင်တောခရိုင်ဟာ နှစ်စဉ်အအေးဒဏ်ကို ပိုမိုခံစားရလေ့ရှိပြီးခုအအေးလိုင်းကြောင် ဒေသခံတွေ နှာစေး၊ ချောင်းဆိုး၊ အအေးမိတာတွေအများကြီးဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။
“အသက်ကြီးသူတွေနဲ့ နာတာရှည်သမားတွေကျန်းမာရေးသတိထားဖို့လိုပါတယ်။ အခုရက်ပိုင်းကျန်းမာရေးမကောင်းသူတွေများလာလို့နွေးနွေးထွေးထွေးနေကြဖို့ တိုက်တွန်းချင်ပါတယ်။” လို့ ကျန်းမာရေးဝန်ထမ်းတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီအအေးလှိုင်းကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ လေဖြတ်တာနဲ့ ကျန်းမာရေးဆိုးကျိုးတွေမဖြစ်စေဖို့ အထူးဂရုစိုက်ပေးကြဖို့ကိုလည်း ကျန်းမာရေးအသိုင်းအဝိုင်းကဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီလဆန်းကစပြီးအအေးလှိုင်းဖြတ်နေသလိုမောင်တောခရိုင်မှာလည်း အအေးဓာတ်လွန်ကဲ လာတာပါ။
အဲဒီမောင်တောခရိုင်က ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေမှာ အနွေးထည်နဲ့ စောင်အလုံအလောက်မရှိကြတာမို့ အအေးဒဏ်ကိုအလူးအလဲခံနေရတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့လည်း ဒေသခံတွေကဆိုကြပါတယ်။






