Border News Agency
နေပြည်တော်၊ဇန်နဝါရီ ၇ ။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်ပြီးအကောင်အထည်ဖော်လုပ်ဆောင်သွားမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးမစ္စမာရီယာထရီဆာပါရန်နိုလာဇာဇို ကဆိုပါတယ်။
နေပြည်တော်မှာ ဇန်နဝါရီလ ၆ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံမှုအပြီးမှာ မစ္စမာရီယာကပြောကြားခဲ့တာပါ။
အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို သုံးရက်ကြာရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နိုလာဇာဇိုဟာ မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တချို့နဲ့တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ဖိလစ်ပိုင်ဟာ အရင်က ခန့်အပ်ခဲ့တဲ့အာဆီယံအထူးကိုယ်စားလှယ်တွေအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်အကောင်အထည်ပေါ်ရေး ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ မစ္စမာရီယာကဆိုပါတယ်။
အဲဒီအပြင် မစ္စမာရီယာဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ နိုင်ငံခြားရေး ဝန်ကြီးသန်းဆွေ ၊စစ်ကော်မရှင်ဝန်ကြီးချုပ်ညိုစောတို့နဲ့ တွေ့ဆုံခဲ့ပြီး စစ်ခေါင်းဆောင်က ကျင်းပနေတဲ့ရွေးကောက်ပွဲအကြောင်း ရှင်းပြခဲ့သလို အကျဉ်းချခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံသားတဦးကိုလည်းလွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး နှစ်နိုင်ငံတို့အကြား နိုင်ငံရေးကဏ္ဍ၊စီးပွားရေးကဏ္ဍနဲ့ ကုန်သွယ်မှုကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်သွားမှာဖြစ်သလို ဖိလစ်ပိုင်ကမြန်မာနဲ့ပတ်သက်လို့ဦးစားပေးလုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။






