Border News Agency
မတူပီ၊ ဇန်နဝါရီ ၁၂။
ချင်းပြည်နယ်အတွင်း ဒေသတွင်းနိုင်ငံရေးနဲ့ စစ်ရေးကိုလက်တွေ့ကျကျ ဦးဆောင်မှုပေးနိုင်ဖို့အတွက် ချင်းပြည်သူ့အစည်းအရုံး (Chin Peoples Union – CPU) နဲ့ ချင်းပြည်သူ့တပ်မတော် (Chin Peoples Army – CPA) ကို ဖွဲ့စည်းလိုက်ပြီလို့ ဇန်နဝါရီလ ၁၂ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီအဖွဲ့အစည်းအသစ်ကို ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်ကောင်စီ၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒိုင်ရ်ဒေသန္တရကောင်စီ (CDF – Dai) တို့ စုစည်းပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ကတည်းက စတင်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
အရင်က ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) စုစည်းမှုပျက်ပြယ်ခဲ့ပြီးနောက် ချင်းညီနောင်အနေနဲ့ မဟာမိတ်တွေနဲ့အတူ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့နယ်တွေကို စစ်ကော်မရှင်ကင်းစင်နယ်မြေဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ခုအသစ်ဖွဲ့စည်းလိုက်တဲ့ CPU / CPA ဟာ ချင်းညီနောင်အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်မှာဖြစ်ပြီး စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် မဟာမိတ်တွေနဲ့လက်တွဲကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။






